By Western News / 2024 April 23
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောဆိုပြီးနောက် မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့ပေါ်က ဒေသခံပြည်သူများမှာ လွတ်မြောက်နယ်မြေနှင့် အခြားနေရာများသို့ သွားရောက်တိမ်းရှောင်မှု ပိုများလာကြောင်း စုံစမ်းသိရသည်။
ဧပြီလ ၁၀ ရက်နေ့က ကျရောက်သော အာရက္ခတပ်တော် ၁၅ နှစ်ပြည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်းသဝဏ်လွှာတွင် အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်သည့်အနေဖြင့် စစ်တွေနှင့် ကျောက်ဖြူမြို့ပေါ်က ဒေသခံများမှာ လွတ်မြောက်နယ်မြေသို့ သွားရောက်နေထိုင်ကြရန် ပြောဆိုခဲ့သည်။
ထိုသို့ ဗိုလ်ချုပ်ပြောဆိုနောက် ၁၀ ရက်ကျော်အတွင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တွင် ပိတ်မိနေသော ပြည်သူများမှာ မြို့ကိုစွန့်ခွာကာ AA ထိန်းချုပ်ရာနယ်မြေများနှင့် အခြားနေရာများသို့ တိမ်းရှောင်ခိုလှုံမှု ပိုများပြားနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာက အများစုက မရှိတော့ဘူး။ အဆင်ပြေတဲ့ လမ်းကနေ စစ်ကောင်စီ အန္တရာယ်က ခိုးထွက်ကာ AA ထိန်းချုပ်ရာ နယ်မြေသို့ သွားရောက်ခိုလှုံနေကြတယ်။ သက်ကြီးပိုင်းတွေတော့ ကျန်နေသေးတယ်။ အဓိက အမျိုးသမီး၊ ကလေးငယ်နဲ့ ကျောင်းသားလူငယ်တွေက အဓိက စွန့်ခွာကြတာပေါ့။ စစ်ကောင်စီဘက်ကလည်း မြို့အဝင်အထွက်ကို အရင်ထက် ၅ ဆလောက် တင်းကျပ်နေတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသွားလို့ အဖမ်းခံရတဲ့ သူတွေလည်းရှိနေတယ်” ဟု ပြောသည်။
အလားတူ မြို့တော် စစ်တွေမြို့တွင်လည်း ယခင် ၂ လကတည်းက မြို့ကိုစွန့်ခွာတိမ်းရှောင်နေကြသလို ဗိုလ်ချုပ်ပြောဆိုပြီးနောက် ပိုမိုစွန့်ခွာနေကြပြီး လက်ရှိတွင် စစ်တွေမြို့အတွင်း လူမရှိသလောက် ဖြစ်သွားပြီဟု မြောက်ဦးမြို့သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။
“စစ်တွေမှာ အရင်ကတည်းက မြို့ကိုစွန့်ခွာပြီး ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေကို သွားနေကြတာပေါ့။ ဗိုလ်ချုပ်ပြောပြီးနောက်ပိုင်း ပိုသွားကြတယ်။ အခု မြို့မှာ လူမရှိသလောက်ဖြစ်သွားပြီ။ လမ်းခရီးစရိတ် မတတ်နိုင်တဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ကျန်ပါတော့တယ်။ တချို့ကတော့ အိမ်ကို စိတ်မချလို့ဆိုပြီး မသွားတဲ့ မိသားစုတွေလည်း ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် အသက်က ပိုအရေးကြီးတယ်။ ပစ္စည်းဥစ္စာက ပြန်ရှာလို့ရတယ်။ ဒါကြောင့် ကျနော်တို့ မိသားစု တိမ်းရှောင်လာတာပါ” ဟု ပြောသည်။
AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေသို့ သွားရောက်ခိုလှုံကြသည့် ဒေသခံပြည်သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဧပြီလ ၂၁ ရက်နေ့က စစ်တွေမြို့အနီး ဂန့်ဂေါ်ကျွန်းသို့ တိမ်းရှောင်လာသော ဒေသခံပြည်သူများကို စစ်ကောင်စီရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ဖမ်းဆီး၍ ထွက်ပြေးရာတွင် မိုင်းနင်းမိ၍ နှစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဒေသခံ ၁၀၀ ကျော်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံရ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်းနှင့် စစ်တွေမြို့က ဘုတ်ကြီးများနှင့် သဗ္ဗာန်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။
အဆုံးအဖြတ်တိုက်ပွဲကြီးကို ဆင်နွှဲရန်အတွက် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ကြရန်အတွက် စစ်ကောင်စီ ထိန်းချုပ်ရာ ဒေသများတွက် ပိတ်မိနေသူများအနေဖြင့် ရရာနည်းလမ်းကို အသုံးပြု၍ အမြန်ဆုံးလွတ်မြောက်နယ်မြေသို့ သွားရောက်နေထိုင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းနေသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/881322177340543