သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

By DMG / 2024 April     26

ပုံစာ – သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအနီးတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – Dwayarwaddy)

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းအနီးတွင် ယနေ့နံနက်ပိုင်းမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

သူဌေးချောင်းစီမံကိန်းနှင့် ၁၀ မိုင်ခန့်အကွာရှိ ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ဒေါ်မြ၊ ကျောင်းကုန်း စသည့် ကျေးရွာအနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ စစ်ကောင်စီနေဗီကနေ လက်နက်ကြီးပစ်ကူပေးနေတယ်။ အနီးအနားက ဒေသခံတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်” ဟု သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို ယမန်နေ့ ဧပြီ ၂၅ ရက်က စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ယခုနှစ်၊ ဧပြီလ ၁၃ ရက်မှစပြီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက သံတွဲမြို့နယ်အတွင်းသို့ စစ်ရေယာဉ်နေဗီ ၃ စီး၊ သံချပ်ကာကား ၂ စီး တိုးချဲ့ပို့ဆောင်ကာ စစ်အင်အားဖြည့်တင်းထားကြောင်း သံတွဲဒေသခံများက ပြောသည်။  

“စစ်ကောင်စီက သံတွဲမြို့နယ်အထဲကို နေဗီသုံးစီးနဲ့ သံချပ်ကာကားနှစ်စီး ပို့ဆောင်လိုက်ပြီး တိုက်နေတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်ပွားနေလို့ အရင်က မြို့အဝင်အထွက်တွေမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရုတ်သိမ်းသွားတာ တွေ့ရတယ်။ အဓိကတော့ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပုံရတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် သံတွဲမြို့နယ်အတွင်းက ရေကောက်၊ ပုရစ်၊ ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဒေါ်မြနှင့် ဘုရားမော်စသည့် ကျေးရွာများမှ ဒေသခံ ၃ ထောင်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ရေကောက်၊ ပုရစ်၊ ဒေါ်မြကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/827741059399492

Leave a Reply

Your email address will not be published.