သင်္ကြန်အားလပ်ရက် ငပလီသို့ ခရီးသွားဝင်ရောက်မှု မရှိသလောက်နည်းပါး

By DMG / 2024 April     11

ဓာတ်ပုံ – The Amata Resort

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေသို့ သင်္ကြန်ကာလ အားလပ်ရက်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိသလောက်နည်းပါးနေကြောင်း သိရသည်။

နှစ်စဉ်သင်္ကြန်ကာလတွင် ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည်ဝင်ရောက်သူ သောင်းချီရှိသော်လည်း ယခုနှစ်တွင် မရှိသလောက် နည်းပါးနေကြောင်း ဟိုတယ်ဝန်ထမ်းများနှင့် မြို့ခံများက ပြောသည်။

“နှစ်တိုင်းဒီအချိန်ဆို ခရီးသွားတွေ ဟိုတယ်မှာ ပြည့်နေပြီ။ ဒီနှစ်မှာ အခုအချိန်ထိ ဧည့်သည်က မရှိသလောက်ပဲ။ သင်္ကြန်ကာလမဟုတ်ရင်တောင် ခရီးသွားတွေအမြဲရောက်နေကြတာ။ ဧည့်သည်နည်းသွားတာ ငါးလလောက်ရှိပြီ” ဟု ငပလီကမ်းခြေရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးက DMG ကို ပြောသည်။

ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသွားဝင်ရောက်မှု တဖြည်းဖြည်းနည်းပါးလာခဲ့သည့် ပြီးခဲ့သည့် ၅ နှစ်တာကို ပြန်ကြည့်ပါက ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ဧည့်သည်ဝင်ရောက်မှု မရှိသဖြင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရသူများမှာ စားဝတ်နေရေး အခက်အခဲရှိနေကြသည်။

“ဧည့်သည်က လုံးဝကို မရှိတာ။ ပစ္စည်းတွေလည်း ရောင်းမထွက်တော့ဘူး။ စစ်ပွဲတွေကို ကြောက်ပြီး မလာကြတာ။ ပုံမှန်ဒီအချိန်ဆို ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ လူပြည့်သွားပြီ” ဟု ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ငပလီကမ်းခြေသည် ပုံမှန်ဆိုလျှင် နိုင်ငံခြားသားများအပါအဝင် ပြည်တွင်းခရီးသွားများဖြင့် အမြဲစည်ကားနေသော ကမ်းခြေတစ်ခုဖြစ်သည်။

ရခိုင်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

လေကြောင်းလိုင်းတချို့ကို ဖွင့်ပေးထားသော်လည်း ဒေသမတည်ငြိမ်သဖြင့် ငပလီကမ်းခြေသို့ ခရီးသွားလာရောက်မှု နည်းပါးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးပြင်ဆင်မှုများ ရှိနေသည်။ လက်ရှိတွင် ရခိုင်ပြည်ရှိ မြို့ကြီး (၈) မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်တော်လှန်မှုများကြောင့် ဒေသမတည်ငြိမ်ဖြစ်နေသော်လည်း သင်္ကြန်ကာလအတွက် ဧရာဝတီတိုင်း ငွေဆောင်၊ ချောင်းသာကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ကြိုတင်ချိတ်ဆက်မှုများ ပြည့်နေပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောထားသည်။

https://www.facebook.com/dmgnewsagency/posts/818568663650065

Leave a Reply

Your email address will not be published.