ရခိုင်က မြို့ ၄ မြို့တွင် AA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

By Western News / 2024 April     25

ရခိုင်ပြည် အမ်း၊ သံတွဲနှင့် ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် အာရက္ခတပ်တော် AA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အထူးသဖြင့် သံတွဲ၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် တိုက်ပွဲများ ယခုရက်ပိုင်းအတွင်း နေ့စဉ်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က တပ်သားအများအပြား ကျဆုံးလျှက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်ရင်း ခမရ ၅၆၅ ကို AA က ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။

သတင်းရင်းမြစ်တစ်ဦးက ” တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေတာ။ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ သတင်းရတယ်။ ဘူးသီးတောင် တိုက်ပွဲမှာ ARSA လက်နက်ကိုင်တွေလည်း ပါတယ်လို့ သတင်းရထားတယ်။ စစ်ကောင်စီဘက်က တိုက်ပေးနေတာပေါ့ ” ဟု ပြောသည်။

မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့နှင့် နယ်ခြားစောင့်စခန်းများကို AA က ယခုရက်ပိုင်းအတွင်း အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မင်္ဂလာကြီးကျေးရွာအနီးက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

မောင်တောမြောက်ပိုင်း ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်အနီး အောင်မင်္ဂလာနယ်ခြားစောင့်စခန်းမှာ ဧပြီလ ၂၃ ရက်နေ့ နေ့လယ်က လက်နက်ချအညံ့ခံ၍ AA က သိမ်းပိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

အောင်မင်္ဂလာနယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နှစ်ဒါဇင်ကျော်ရှိပြီး လက်နက်ခဲယမ်းများနှင့်အတူ အညံ့ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ အညံ့ခံစဉ်အတွင်း စစ်ကောင်စီက နတ်မြစ်ဝကနေ၍ နေဗီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို လေယာဉ်ဖြင့်လည်း ယင်းအနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် သံတွဲမြို့နယ် ဒေါ်မြရွာ၊ ပုရစ်၊ ရေကောက်ကျေးရွာတို့အနီးတစ်ဝိုက်တွင် AA နှင့် စစ်ကောင်စီတပ်တို့ကြား ဧပြီလ ၂၂ ရက်နေ့ကစ၍ တိုက်ပွဲများ ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ပြင်းထန်နေပြီး ယနေ့တွင်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ရွှေလှေဒေသခံတစ်ဦးက ပြောသည်။

” သူဌေးရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက် အနီးအနားမှာရှိတဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ စစ်ကောင်စီဘက်က အကျအဆုံး များပြားတယ်လို့ သိရတယ်။ စစ်ကောင်စီကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ ပြန်ခုခံနေတယ်။ သံတွဲမြစ်ဝမှာရှိတဲ့ နေဗီကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတယ်။ ရပ်ရွာတွေကို ကျမှာကိုတော့ အရမ်းစိုးရိမ်နေရပါတယ်။ ” ဟု ပြောသည်။

ဒေါ်မြရွာ၊ ပုရစ်ရွာ၊ ရေကောက်ရွာ၊ ရွှေလှေရွာနှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာနေရာတို့သည် ၁၅ မိုင်ပတ်လည်တွင် ရှိကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တစ်လကျော်ကစ၍ စီမံကိန်းဧရိယာအတွင်း လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲနေရာယူထားခြင်း ရှိသည်။

အဆိုပါ တိုက်ပွဲအတွင်း ခရီးသည်တင်ကားတစ်စီးမှာ တောင်ကုတ်-သံတွဲကားလမ်းမအတိုင်း ဒေါ်မြကျေးရွာအနီး ဖြတ်သန်းသွားလာရာ စစ်ကောင်စီက ပစ်ခတ်သော သေနတ်ကျည်ဆံကြောင့် ကားဒရိုင်ဘာ ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးအပါအဝင် ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

သံတွဲဒေသခံတစ်ဦးက ” တိုက်ပွဲဖြစ်နေတုန်းမှာ ခရီးသည်အပြည့်နဲ့သွားတော့ ဘယ်ကိုသွားလဲတော့ မသိဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားတယ်။ အဲဒါကို မရပ်လို့ဆိုပြီး သေနတ်နဲ့ လှမ်းပစ်ခတ်တာ။ ကားဒါရိုင်ဘာ ကိုစိုးသူက ပွဲချင်းသေပြီးတော့ ခရီးသည် ၅ ဦးထက်မနည်း ဒဏ်ရာ ရသွားတယ်။ အခု တောင်ကုတ်-သံတွဲ လှိုင်းဆွဲကားတွေ ရပ်တန့်ထားတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လေ။ ” ဟု ပြောသည်။

အမ်းမြို့နယ်က နပခ အတွက် အရေးပါသော ကဇူကိုင်းရွာအနီး တောဟိန်းတောင်ဗျူဟာကုန်းကို AA က ပြီးခဲ့သည့် လကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကာ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူပေးခြင်း၊ လက်နက်ကြီးပစ်ခတ်တို့ကို ဆက်တိုက်ပြုလုပ်နေသည်။

ယင်းအပြင် အမ်းမြို့ မကျရှုံးစေရေးအတွက် စစ်ကောင်စီသည် တပ်အင်အားဖြည့်ခြင်း၊ လက်နက်အင်အား ဖြည့်တင်းခြင်းတို့ကို ပိုမိုလုပ်ဆောင်နေပြီး AA က အမ်းရှိ စစ်ကောင်စီတပ်ရင်းများကို လက်နက်နှင့် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် အမ်း-ပဒါန်းလမ်းမကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။

မြေပုံမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်ပြန်ဆုတ်ခွာသွား၍ မြေပုံမြို့ကို AA က မတိုက်ခိုက်ဘဲ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း မြေပုံမြို့နယ်အတွင်း အထူးသဖြင့် အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ အကာအကွယ်ပေးထားသော စစ်ကောင်စီတပ်ရင်းများကို AA က တိုက်ခိုက်သိမ်းပိုက်နေသည်။

မြေပုံမြို့နယ်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ရင်းများထဲမှ ပွိုင့် ၂၅၃ စစ်စခန်းကို AA က ဧပြီလ ၁၀ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခဲ့ပြီး ၁၄ ရက်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ပွိုင့် ၂၅၃ စစ်ခစန်းသည် မြေပုံမြို့နယ် စညှင်းကျေးရွာ အရှေ့ဖက် တစ်မိုင်အကွာတွင် တည်ရှိပြီး စစ်ကောင်စီ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်တွင်ရှိသော နည်းဗျူဟာအမှတ် (၃) စခန်း ဖြစ်သည်။

အာရက္ခတပ်တော် AA ၏ ထိုးစစ်တိုက်ခိုက်မှုမှာ ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာပြီး မကြာခင် အဆုံးအဖြတ်ပွဲကြီးကို ဆင်နွှဲတော့မည်ဟု AA စစ်ဦးစီးချုပ်က ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က သတိပေးထားပြီး ရခိုင်ပြည်တွင် AA ကလွဲ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိရဟု ပြောဆိုထားသည်။ 

Western News-WN

https://www.facebook.com/westernnewsagency/posts/882838310522263

Leave a Reply

Your email address will not be published.