By Narinjara / 2024 April 16
အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်)နှင့် အတူလက်တွဲတိုက်ပွဲဝင်ခဲ့ပြီး ရခိုင်မှ ယောဒေသသို့ ပြန်လာသော ယောကာကွယ်ရေးတပ်(YDF) ရဲဘော်များကို ယောပြည်သူများက အောင်သပြေ ပန်းများဖြင့် ကြိုဆိုခဲ့ကြောင်သတင်းရရှိသည်။
YDF စစ်ရုံးချုပ် သတင်းပြန်ကြားရေးဌာန မှ ဧပြီ ၁၆ ရက်နေ့တွင်ထုတ်ပြန်ထားသည့် သတင်းတွင် “ တိုင်းရင်းသားနယ်မြေများတွင် စစ်ပညာနှင့် စစ်ရေးအတွေ့အကြုံများယူပြီး ပြန်လည် ရောက်ရှိ လာသော YDF ရဲဘော်များကို ယောပြည်သူလူထုမှ အောင်သပြေပန်းဖြင့် ကြိုဆိုခဲ့ကြောင်း” ဖော်ပြထားသည်။
ယောကာကွယ်ရေးတပ်သည် တော်လှန်ရေး ၃နှစ်တာကာလအတွင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် (၁၄)အထိ သင်တန်းပေးပြီးဖြစ်သည်။
တိုင်းရင်းသားနယ်မြေများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ ရခိုင်ပြည် ကျောက်တော်မြို့ရှိ စစ်ဘက်၊ရဲဘက် တပ်ရင်း၊ တပ်စခန်း ၊ ဗျူဟာ၊ တပ်မများကို သိမ်းနိုင်သည်အထိ ပါဝင်တိုက်ခိုက်ကာ စစ်ရေးအတွေ့အကြုံများ ယူနိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။
စ၊စ်ပညာရပ်များနှင့် စစ်ရေးအတွေ့အကြုံများ ရယူကာ ယောဒေသကို အပြည့်အဝ ကာကွယ် ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင်ကျရှုံးရေးတိုက်ပွဲများတွင် ဆက်လက် ပါဝင် တိုက်ပွဲ ဝင်နိုင်ရေးအတွက် ပြန်လည်ရောက်ရှိလာသော YDF ရဲဘော်များကို ယောဒေသ ရပ်ရွာများမှ ပြည်သူများက အောင်သပြေပန်းများဖြင့် ဆီးကြို နူတ်ဆက်ခဲ့ကြကြောင်း သိရသည်။
စစ်ရေးအတွေ့အကြုံ လက်တွေ့ရယူခဲ့ကြပြီးဖြစ်သော YDF ရဲဘော်များသည် အနိမ့်ဆုံး စစ်ရေး ရည်မှန်းချက်ဖြစ်သော တော်လှန်ရေးကြီး အမြန်ဆုံးအပြီးသတ်အောင်ပွဲရအောင် ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- YDF
https://www.facebook.com/narinjara.info/posts/833674145466383