By DMG / 2024 April 12

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်တာကာလအတွင်း နိုင်ငံအနှံ့မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းကြောင့် လူလတ်တန်းစားပမာဏ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဆင်းရဲမွဲတေမှုမြင့်တက်လာကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဧပြီလ ၁၁ တွင် ထုတ်ပြန်သည့် UNDP အစီရင်ခံစာအရ မြန်မာနိုင်ငံမှာရှိသည့် လူလတ်တန်းစားအလွှာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှင်မြန်စွာလျော့ကျနေပြီး၊ ကျန်နေသေးသည့် လူလတ်တန်းစားများမှာလည်း ဆင်းရဲမွဲတေမှုအောက် ရောက်မသွားအောင် ရုန်းကန်နေကြရကြောင်း သုံးသပ်ထားသည်။
စစ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၂၄.၈ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၄၉.၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါးတိုးလာခဲ့သည်။ ကျန် ၂၅ ရာခိုင်နှုန်းကလည်း စားဝတ်နေရေးအခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံမျှ အခြေအနေဟု ဆိုထားသည်။
အဆိုပါ အစီရင်ခံစာသည် နိုင်ငံတစ်ဝန်းက အိမ်ထောင်စု ၁၂,၀၀၀ ကို UNDP က စစ်တမ်းကောက်ခံပြီး ရလာသည့် အချက်အလက်များကို အခြေခံတွက်ချထားခြင်းဖြစ်ကြောင်း သိရသည်။
လူလတ်တန်းစားများမှာ နိုင်ငံစီးပွားရေးကျဆင်းနေချိန်တွင် ထိခိုက်မှုနည်းအောင် တောင့်ခံပေးထားပြီး မြန်မြန်ဆန်ဆန် ပြန်နာလန်ထူနိုင်ဖို့ အလွန်အရေးကြီးကြောင်း UNDP က ထောက်ပြသည်။
စီးပွားရေးကျဆင်းမှုကြောင့် အမျိုးသမီး၊ ကလေးငယ်နှင့် စစ်ရေးပဋိပက္ခဒေသမှ ဒေသခံများမှာအထိခိုက်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံက ကလေးအားလုံး၏ တစ်ဝက်လောက်မှာ ဆင်းရဲမွဲတေမှုအောက်သို့ ရောက်ရှိနေကြောင်း ဆိုသည်။
ဒေသတစ်ခုနှင့်တစ်ခု ထိခိုက်နစ်နာမှုအတိုင်းအတာ မတူညီဘဲ၊ စစ်ရေးအများဆုံးဖြစ်သည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် တစ်ဦးချင်းဝင်ငွေအနိမ့်ဆုံးနှင့် ဝင်ငွေတစ်မျိုးတည်းကို တစ်မိသားစုလုံး မှီခိုနေရသည့် အချိုးအစားလည်း အမြင့်ဆုံးဖြစ်ကြောင်း UNDP က ဆိုသည်။
ကယားပြည်နယ်က အိမ်ထောင်စု ၅ဝ ရာခိုင်နှုန်းအထိ ဝင်ငွေလျော့ကျသွားပြီး၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ရခိုင်တွင်လည်း ဝင်ငွေလျော့သွားသည့် အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိ ရှိနေသည်။
ယင်းအပြင် စစ်ရေးပဋိပက္ခဒေသများတွင် နေအိမ်များ ဖျက်ဆီးခံရခြင်း၊ လယ်ယာစိုက်ပျိုးရေး ရပ်နားထားရကာ စစ်ဘေးဒုက္ခသည်ဖြစ်နေသဖြင့် နစ်နာဆုံးရှုံးမှုကြီးမားနေကြောင်း အစီရင်ခံစာက သုံးသပ်ထားသည်။
https://www.facebook.com/dmgnewsagency/posts/819327830240815