အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကျဆုံးရေး အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု BPLA ပြော

By DMG / 2024 April     10

ပုံစာ – ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း BPLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – BPLA

အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကျဆုံးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေးတို့ကို အပြည့်အဝ အာမခံနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် ရက္ခိုင့်တပ်တော်(AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးနှင့် ဟန်ချက်ညီစွာလက်တွဲ၍ အဆုံးထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က ပြောသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(ULA/AA) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားခြင်းဖြစ်သည်။

AA သည် မဟာမိတ်အဖွဲ့များနှင့်အတူ BPLA အား စစ်ပညာသင်ကြားပေးခြင်း၊ လိုအပ်သည့်အကြံဥာဏ်များနှင့် အကူအညီပေးအပ်နေခြင်းတို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်းလည်း ရေးသားထားသည်။

မြို့ကြီး ၉ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် AA အနေဖြင့် ကြီးမားသော အောင်မြင်မှုများရရှိကာ ရခိုင်ပြည်သူများ လိုလားတောင်းတနေကြသည့် အာရက္ခအိပ်မက်ကို ရက္ခိတလမ်းစဉ်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်း BPLA က ဆုမွန်ကောင်းတောင်းထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင် မဟာမိတ်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/818087923698139

Leave a Reply

Your email address will not be published.