By Narinjara / 2024 April 12

ရခိုင်ပြည်၊ အမ်းမြို့တွင် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀၀၀၀ အထိဈေးကြီး ပေးဝယ်နေရ၍ လက်လုပ်၊ လက်စားများ ထမင်းခြောက်စားနေကြရကြောင်း သတင်းရရှိသည်။
အမ်းမြို့ဒေသခံများကို စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ထားသည့်အတွက် ဆန်စျေးများ မြင့်တက်လာနေပြီး တစ်ပြည်ကို ငွေကျပ် ၁၀၀၀၀ကျပ်အထိမြင့်တက်ကာ ဆန်ရှာမရသည့် အခြေအနေသို့ရောက်ရှိနေသည်ဟု အမ်းမြို့မှ မိသားစုဝင် ၉ ဦးရှိသည့် အိမ်ထောင်ရှင်မတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။
“ အရင်က ၄၀၀၀၊ အခု ၁၀၀၀၀၊ တစ်အိတ်ကို ၂၀၀၀၀၀ ကျော်။ ဆန်တွေကလည်း အခု ရောင်းတဲ့ဆိုင်တွေတောင်မရှိတော့ဘူး။ ဆန်ကားဝင်လာမှ ရောင်းလို့ရကြတာ။ အခု တော်တော်လေးကို ဒုက္ခရောက်နေပြီ။ မိသားစုကလည်းများတော့ ပိုဆိုးတယ်” ဟုပြောသည်။
ဆန် ပြတ်လပ်မှုနှင့်ကြုံနေရသည့်အတွက် ထမင်းနှစ်နပ်မစားနိုင်တော့ဘဲ တစ်နပ်သာစားရပြီး ဝက်စာမှထမင်းများကို ထမင်းခြောက်အဖြစ် နေလှန်းကာ စားသောက်နေကြရသည်ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
“ ညီမတို့ ရပ်ကွက်မှာ ငတ်တဲ့သူလည်း ရှိတယ်။ ထမင်းလျော့စားတဲ့သူလည်းရှိတယ်။ နောက်ဆုံး ဝက်စာကိုတောင် ရေဆေးပြီး ထမင်းခြောက်လုပ်ပြီး စားနေရတယ်” ဟုပြောသည်။
ဆန်များပြတ်လပ်နေသည့်အပြင် ကုန်ခြောက်ပစ္စည်းဖြစ်သည့် ခေါက်ဆွဲထုပ်၊မုန့်ခြောက်ထုပ်များပါ ရှားလာသည့်အတွက် အငတ်ဘေးဆိုက်ကာ ဒုက္ခရောက်နိုင်သည့် အခြေ အနေနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
အမ်းမှ အိမ်ရှင်မတစ်ဦးက “ ဆန်တစ်ခုထဲမဟုတ်ဘူး။စားသောက်ကုန်တွေအကုန်ဈေးတက်ပြီး မုန့်ခြောက်ထုတ်တွေ အရင်က တစ်ထောင်ဆို အခု သုံးထောင်၊ ဒါတောင် သိပ်မရှိတော့ဘူး။ ကျမတို့လည်း အရမ်းစိတ်ဆင်းရဲနေရတယ်” ဟုပြောသည်။
အမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်အထိရှိပြီး ၆၀၀၀၀ ခန့်မှာ စစ်ဘေးရှောင်လျက်ရှိကာ မြို့ပေါ်လူဦးရေ ၄၀၀၀၀၀ခန့်မှာ အငတ်ဘေးဒဏ် ခံစားနေရပြီဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဆန် နှစ်ပြည်ရရှိရေးအတွက် ကုန်စုံဆိုင်ရှေ့တွင် ရာနှင့်ချီသည့် လူများကို တိုးဝှေ့ဝယ်ယူခဲ့စားသုံးခဲ့ကြရပြီး လက်ရှိတွင် ဆန်အရောင်းဆိုင်များ မဖွင့်တော့ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/831016479065483