အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်သားအချို့ ထိခိုက် ဒဏ်ရာရ၊ တပ်စခန်းများ မကျရေး  အပြင်းထန် ခုခံနေ

By Western News / 2024 April     10

ပုံစာ-ရခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်။

ရက္ခိုင့်တပ်တော် AA ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်အရ သိရသည်။

ယမန်နေ့ ဧပြီ ၉ ရက်  ညဉ့်ချိန်က အနောက်ပိုင်းစစ်ဌာနချုပ်နှင့် လေယာဥ်ကွင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သတင်းရစ်မြစ်က ပြောသည်။

“တိုက်ပွဲက မြို့နဲ့နီးစပ်လာပြီ။ မနေ့ကညဉ့်ကဆို နပခထဲကိုလည်း လက်နက်ကြီးကျတယ်။ ၇ နာရီကျော်လောက်က ဖြစ်မယ်။ လေယာဥ်ကွင်းကိုလည်းကျတာ။  ထိခိုက်ဒဏ်ရာရတာရှိတယ်။ သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်နက်ကြီးကျည်က ၄ လုံးကျတယ်။ တစ်လုံးကတော့ လေယာဉ်ကွင်းအထဲကိုကျတယ်” ဟုပြောသည်။

AA လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် လေယာဉ်အကွင်းအပြင် တပ်မိသားစု နေထိုင်သည့်နေရာနှင့် ဗဟိုကင်း၊ ဧည့်ရိပ်သာအဆောင်နှင့် တပ်သားများနေထိုင်ရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အမည်မဖော်လိုသည့် အမ်းမြို့ရှိ စစ်သတင်းရင်းမြစ်တစ်ဦးက “ကျနော်တို့ သတင်းရတာက ၆ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ကြားပါတယ်။ ဒဏ်ရာပြင်းတဲ့ သူတွေလည်း ပါတယ်။ အပြင်ကို အရေးပေါ် ပေးမထွက်ဘူး။ ဌာနချုပ်မှာ ဆေးကုသတယ်လို့ ကြားတယ်။ တပ်မိသားစုတွေလည်း ဒဏ်ရာရတယ်။ အတိအကျကို လုံး ဝမသိရဘူး ဖြစ်နေတယ်”ဟုပြောသည်။

အမ်းမြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဖက်မှ ကြည်း၊ ရေ၊ လေတို့ဖြင့်  အပြင်းအထန် ခုခံတိုက်ခိုက်နေရကြောင်း ဒေသအတွင်း နေထိုင်သူများက ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့  တောဟိန်းတောင်ဗျူဟာနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးတစ်ဝိုက်တို့တွင် စ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး နှစ်ဖက်စလုံးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အမ်းဒေသခံများက ပြောသည်။

“တောဟိန်းတောင်ကို AA ကထိုးစစ်ဆင်နေတော့ အဲ့ဖက်လဲတိုက်ပွဲပြင်းနေတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီဖက်တော့ နေ့တိုင်းလိုလို လေယာဥ်တွေနဲ့ဗုံးလာကြဲတယ်။ လက်နက်ကြီးတွေပစ်တယ်။ နေဗီတွေကလည်းလှမ်းပစ်တာတွေရှိနေတယ်။ အေအေ ဖက်ကလည်း ပစ်ခတ်နေတာတွေရှိတယ် ” ဟုပြောသည်။

အမ်းတိုက်ပွဲမှာ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အမ်းရိုးမဖက်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်မှ ကြားဖြတ်ဝင်တိုက်ရမှ စတင်ခဲ့ပြီး လတ်တလောတိုက်ပွဲ အခြေနေမှာ ဆက်လက် ပြင်းထန်လျှက်ရှိနေသည်။

အမ်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ကြိမ်ချောင်းစခန်းအား ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ တရားဝင် ထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/873239804815447

Leave a Reply

Your email address will not be published.