(လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ထိုးစစ်ဆင်သွားမည်ဟု AA ဆို)
By DMG / 2024 April 13
ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီစခန်းတိုင်းကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်၍ လက်နက်ချ အညံ့မခံသေးသည့် စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် အာရက္ခတပ်တော်(AA)က သတိပေးလိုက်သည်။
“လက်နက်ချအညံ့မခံသော စခန်းတွေအနေနဲ့ အမြန်ဆုံးလက်နက်ချဖို့ ထပ်မံသတိပေးလိုက်တယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ခန့်နှင့် တပ်မိသားစု ၁၅၀ ခန့်ရှိသည့် မောင်တော ကြိမ်ချောင်းဗျုဟာကုန်း နခခ(၇) ကို ဧပြီ ၁၂ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် AA က ထပ်မံသတိပေးလာခြင်းဖြစ်သည်။
လက်နက်ချအညံ့မခံသေးသော နပခ အမ်းဌာနချုပ်၊ ဘူးသီးတောင် စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ် စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု AA က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစုများနှင့် ကောင်းကောင်းမွန်မွန် ပြန်ဆုံတွေ့လိုလျှင် အမြန်ဆုံးလက်နက်ချကြရန် AA က အကြိမ်ကြိမ် သတိပေးလျက်ရှိသည်။
လက်နက်ချအညံ့ခံသူများကို နိုင်ငံတကာ စစ်သုံးပန်းဉပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ရခိုင်နှင့် ပလက်ဝဒေသတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားနှင့် တပ်မိသားစုဝင် ထောင်ချီရှိကြောင်း AA ၏ မတ်လနောက်ဆုံးအပတ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင် AA သည် အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည်။
ဘူးသီးတောင်ဒေသခံအမျိုးသမီးတစ်ဦးက “ဘူးသီးတောင်မှာ စစ်ကောင်စီစခန်းတွေများတော့ တိုက်ပွဲပြီးဖို့က ကြာဦးမယ်ထင်တယ်” ဟု ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တိုက်ပွဲပြင်းထန်နေသည်မှာ ၅ လအထိ ကြာမြင့်လာပြီဖြစ်သည်။ တိုက်ပွဲကာလအတွင်း AA က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
https://www.facebook.com/dmgnewsagency/posts/819863006853964