ရမ်းဗြဲတွင် စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

By DMG / 2024 April     10

ပုံစာ – စစ်ကောင်စီတပ်၏ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ – CINCDS)

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်ကို ယနေ့နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ရွာသာယာကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးသန်းမြင့် ဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ ပုံညဝတီကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်လှိုင်လှိုင်ကြူ ဖြစ်သည်။

“တစ်ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ ရွာကလူတွေကတော့ အခုချိန်ထိ ပုန်းနေကြတုန်းပဲ။ အပြင်ကိုလည်း ထွက်မကြည့်ရဲသေးဘူး။ နောက်ထပ် ဘယ်နေရာတွေ ထိခိုက်ပျက်စီးသွားသလဲ ဆိုတာကိုတော့ လောလောဆယ် ပြောလို့မရသေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရမ်းဗြဲနှင့် မာန်အောင် ရေလက်ကြားအနီးတွင် ရပ်နားထားသည့် စစ်ကောင်စီ၏သင်္ဘောသည် ယနေ့နံနက်ပိုင်းက ကုန်ဘောင်တိုက်နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်လာသည်။

 “AA က ရမ်းဗြဲမှာ စစ်ကောင်စီတပ်သား တစ်ယောက်မှမကျန်အောင် တိုက်ထားပြီးပြီ။ မြေပြင်မှာ ဘာတိုက်ပွဲမှလည်း မရှိတော့ဘူး။ ဒါပေမဲ့ စစ်ကောင်စီဟာ အရှုံးကို လက်မခံနိုင်ဘဲ ရေတပ်နဲ့ လေတပ်ကို အသုံးပြုပြီး ပြည်သူတွေကို သေကြေထိခိုက်အောင် လာလုပ်နေတယ်” ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြုကာ အရပ်သားများ နေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု နေ့စဉ်နှင့်အမျှ ရှိနေသည်။

ဧပြီလ ၉ ရက်နေ့ကလည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမ်းမြို့နယ်၊ ကြောင်ဖြူကွင်းကျေးရွာမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ပြီး  သံတွဲမြို့နယ် တောင်ညိုရွာမှ အသက် ၁၆ အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိကြောင်း ရက္ခိုင့်တပ်တော်၏ HDCO ရုံးစာရင်းအရ သိရသည်။

နောက်ဆုံးရ သတင်း၊ ရုပ်သံများကို ကြည့်ရှုရန် >>>

https://www.facebook.com/dmgnewsagency/posts/818096157030649

Leave a Reply

Your email address will not be published.