ရခိုင်ပြည်နယ်ထဲက မြို့ ၈ မြို့ နဲ့ ပလက်ဝမြို့တို့ကို AA ထိန်းချုပ်ထား
By BBC / 2024 April 13
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကနေ စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ဧပြီ ၁၃ ရက်နေ့မှာ ၅ လပြည့်ပြီဖြစ်ပါတယ်။
တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ကနေ လက်ရှိအချိန်အထိ တိုက်ပွဲကာလ ၅ လအတွင်း ရက္ခိုင့်တပ်တော်(အေအေ) က ရခိုင်ပြည်နယ်ထဲက မြို့ ၈ မြို့အပါအဝင် ရခိုင်နဲ့ချင်းနယ်စပ်က ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားပါတယ်။
အေအေက ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပလက်ဝ အစရှိတဲ့ စုစုပေါင်းမြို့ ၉ မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့ထဲ မောင်တောနဲ့ ဘူးသီးတောင်မြို့တို့မှာ မြို့ပေါ် ဧရိယာလောက်သာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး နယ်ဘက်တွေကိုတော့ အေအေက ထိန်းချုပ်ထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာကျရောက်တဲ့ ရက္ခိုင့်တပ်တော်(အေအေ) ၁၅ နှစ်ပြည့်မှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်အင်အားအပါအဝင် ရေတပ်၊ လေတပ်နဲ့ အကျိုးစီးပွားချင်းဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် စစ်ကောင်စီရဲ့ အာဏာဆက်လက်တည်မြဲနေတာလို့အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း အပိုင်း(၁)
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း အပိုင်း(၂)
ဒါအပြင် အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ဖို့လိုတာကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေအပါအဝင် ကျောက်ဖြူမြို့နယ်က ဒေသခံတွေ အေအေထိန်းချုပ်ထားတဲ့ မြို့တွေမှာ လာရောက်ခိုလှုံနေထိုင်ကြဖို့ သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီထိန်းချုပ်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့အပြင် ကျန်နေတဲ့ မြို့တွေကိုလည်း အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အသေအဆုံးရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှု
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
ဓာတ်ပုံ ရင်းမြစ်, Getty Image
ဓာတ်ပုံ ပုံစာ, အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်၊ အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဧပြီ ၉ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
ည ၇ နာရီဝန်းကျင်လောက်မှာ အေအေဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးထက်မနည်း နပခဝင်းထဲနဲ့ ဆက်သွယ်ရေးတပ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အေအေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦးအပါအဝင် ဒဏ်ရာရတဲ့သူတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗိုလ်မှူးကတော့ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာပဲ အမ်းက စစ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ စစ်ဆေးရုံအသိုင်းအဝိုင်းကနေ သိရပါတယ်။
နပခ တိုက်ခိုက်ခံရပြီးတဲ့နောက် နပခထဲမှာ ဒုတိုင်းမှူးသာ ကျန်ရှိနေခဲ့ပြီး ကျန်တဲ့တပ်အရာရှိတွေကတော့ သံတွဲမြို့ကို ပြောင်းရွှေ့သွားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
တိုက်ပွဲဖော်ဆောင်နေတဲ့ အမ်းမြို့နယ်မှာ ဧပြီ ၁၁ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိတယ်လို့ မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။
အမ်းမြို့နယ်ထဲက တပ်တောင်မြို့ကိုတော့ အေအေက ထိန်းချုပ်ထားပြီး စစ်ကောင်စီကတော့ အမ်းမြို့ပေါ်နဲ့ နပခဧရိယာလောက်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အမ်းမြို့အပြင်ဘက် နပခနဲ့ နီးတဲ့ နေရာသုံးလေးခုမှာလည်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဘာလို့တိုက်ပွဲတွေ ပြင်းထန်နေလဲ
နပခ တိုက်ခိုက်မခံရခင် အမ်းနဲ့ မကွေးထိစပ်နေတဲ့ တောင်ကြောတစ်လျှောက်မှာတော့ မတ် ၂၆ ရက်ကတည်းက စစ်တပ်နဲ့ အေအေကြား တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂ ရက်မှာတော့ အမ်းမြို့နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းကားလမ်းကို အေအေက အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီတပ်ဘက်က လမ်းပိုင်းကိုအသုံးပြုပြီး စစ်အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ လက်နက်တွေကို အိမ်စီးကားတွေနဲ့ သယ်ဆောင်သလို ကားလမ်းဘေးတစ်လျှောက်မှာလည်း မိုင်းထောင်ထားတာတွေကြောင့် ပိတ်ဆို့လိုက်တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အငတ်ဘေးဆိုက်နေတဲ့ ဒေသခံတွေ
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေ(ပုံဟောင်း)
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေ(ပုံဟောင်း)
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့မှာတော့ ပိတ်ဆို့ကန့်သတ်မှုတွေကြား ဒေသခံတွေ အငတ်ဘေးဆိုက်တဲ့အထိ ဒုက္ခကြုံနေရတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလိုပိတ်ဆို့ကန့်သတ်မှုတွေကြောင့် သာမန်လက်လုပ်လက်စား မိသားစုတွေအတွက် ငါးရှာဟင်းရွက်ခူး သွားလာခွင့်တွေလည်း မရတာကြောင့် ငတ်မွတ်တဲ့ဒဏ်ကို အလူးအလဲခံစားနေရတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်ဟာ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတာကြောင့် ရခိုင်ဒေသခံတွေရဲ့ လူမှုဘဝအခြေအနေတွေက ပိုပိုပြီးဆိုးလာနေတယ်လို့ ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့နေရသူတစ်ဦးက ဘီဘီစီကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အဓိကကျတဲ့ ကုန်းလမ်း၊ ရေလမ်း ဝင်ပေါက်နဲ့ထွက်ပေါက်ရှိတဲ့မြို့နယ်တွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေတာဖြစ်ပါတယ်။
ရခိုင်တကြောမှာ ကုန်းလမ်းရေလမ်း သွားလာမှုတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်ကစတင်ပြီး လက်ရှိအချိန်ထိ ပိတ်ဆို့ကန့်သတ်ထားပေမယ့် အေအေသိမ်းပိုက်ထားတဲ့ မြို့ ၈ မြို့အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့တွေမှာတော့ ဒေသတွင်း ခရီးသွားလာလို့ရနေပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ အေအေထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့မှာတော့ စစ်ရှောင်ကြတဲ့ ဒေသခံတွေ နေရပ်မှာ ပြန်ပြီးနေထိုင်လို့ ရနေပေမယ့် လုပ်ငန်းရှင်တွေ လုပ်ငန်းမလည်ပတ်နိုင်သေးတာကြောင့် လက်လုပ်လက်စားသမားတွေကတော့ အလုပ်လက်မဲ့ဖြစ်နေကြတုန်းပဲလို့ ဒေသခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကတော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေအပါအဝင် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ စတဲ့ ၉ မြို့ဖြစ်ပါတယ်။
ရခိုင်မှာ တိုက်ပွဲစတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက ရခိုင်ဒေသခံတွေအပေါ် “ရိက္ခာဖြတ်၊ ငွေကြေးဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုကြားအဆက်အသွယ်ဖြတ်” စတဲ့ “ဖြတ်လေးဖြတ်” စနစ်တွေကျင့်သုံးထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။
မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ်
ရခိုင်မုန်တိုင်းသင့်ဒေသတွေ ဆယ်ရက်ခန့်ကြာတဲ့အထိ အမှောင်ကျနေဆဲ
သင်္ကြန်ပွဲတော်မဆင်နွှဲဖို့ အေအေထုတ်ပြန်
မနှစ်က ရခိုင်ပြည်နယ်က သင်္ကြန်မြင်ကွင်းတစ်ခု
ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, မနှစ်က ရခိုင်ပြည်နယ်က သင်္ကြန်မြင်ကွင်းတစ်ခု
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်က ဒေသခံတွေ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို အလူးအလဲ ခံနေရချိန်မှာပဲ သင်္ကြန်ကာလအတွင်း မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲကြီးတွေ မကျင်းပကြဖို့ မေတ္တာရပ်ခံတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဧပြီ ၁၁ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။
စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်နေရာတွေကို စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လာနိုင်တဲ့အတွက် ဒီလိုတားမြစ်ရတာလို့ဆိုပါတယ်။
သင်္ကြန်ကာလအတွင်းမှာ မလိုလားအပ်တဲ့ အစုလိုက်အပြုံလိုက်၊ ထိခိုက် သေဆုံးတာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ တိတိကျကျလိုက်နာကြပါဆိုပြီး အေအေက ထည့်ပြောထားပါတယ်။
ရက္ခိုင့်တပ်တော် အေအေက စစ်ကောင်စီရဲ့စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လူစုလူဝေးလို့ ယူဆရတဲ့ နေရာတွေ အလစ်အငိုက်ဖမ်းပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ဦးတည်ပစ်ခတ်တာတွေကို နေ့တိုင်းကြိုးပမ်းနေတယ်လို့လည်း အေအေက ပြောထားပါတယ်။
ဒါ့ကြောင့် လူစုလူဝေးနဲ့သင်္ကြန်ရေကစားတာတွေ မလုပ်ဖို့အပြင် လူအများအပြား ကားပေါ်စီးနင်းလိုက်ပါပြီး မြို့ပြဒေသတွေကို တစ်မြို့ပြီးတစ်မြို့ ၊ တစ်ရွာနဲ့တစ်ရွာကြား လှည့်ပတ်တာ၊ ကခုန်ရေကစားတာတွေ၊ သင်္ကြန်မဏ္ဍပ်တွေနဲ့ ဖျော်ဖြေပွဲ လုပ်တာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလ ဆောက်တည်တာတွေ၊ အလှူအတန်းလုပ်တာတွေကို လုံးဝ မလုပ်ကြဖို့အထိ အေအေက သတိပေးရေးသားဖော်ပြထားပါတယ်။
https://www.facebook.com/BBCnewsBurmese/posts/856015936571071