မောင်တောတွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသား ၁ဦးပွဲချင်းပြီးသေဆုံး၊ ၃ဦး ဒဏ်ရာရ

By Arakan Bay News / 2024 April      16

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 သေဆုံးခဲ့သူမှာ မောင်တောမြို့နယ်၊ ကံသာယာ(အထက်) ကျေးရွာမှ အဖ ဦးမောင်အေးကျော်၏ သား အသက် ၃၈ နှစ်အရွယ် ဦးကျန်မောင်စိန်  ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၅ရက်၊ ညနေ့ ၈နာရီခန့်အချိန်တွင် မောင်တောမြို့အနီးရှိ မြို့သူကြီး နခခ ၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခဲ့သည့် လက်နက်ကြီးကျည်သည် ကံသာယာ(အထက်)ရွာတွင် ကျရောက်ပေါက်ကွဲသောကြောင့် ရွာသား ၁ဦးသေဆုံးခဲ့ကာ ၃ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ကံသာယာ(အထက်)ရွာသား ၁ဦးက AB News သို့ ပြောဆိုသည်။

“မနေ့က ညနေ ၈နာရီအချိန်မှာ ရွာထဲက ဦးကျန်မောင်စိန်ရဲ့ နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးကျန်မောင်စိန် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ နောက် အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၁ဦးဒဏ်ရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသွားသူများမှာ ကံသာယာ(အထက်)ကျေးရွာမှ အသက် ၁၇နှစ်ရွယ် မသန္ဒာဌေး၊ အသက် ၁၇နှစ်အရွယ် ကိုမျိုးလှိုင် နှင့် အသက် ၃၈ နှစ်အရွယ် မောင်မောင်သိန်း (ခ)ရဲမင်းသိန်း တို့ ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် လူနာ ၃ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ရက်၊ နံနက် ၇ နာရီကျော်အချိန်တွင် မောင်တောမြို့နယ်၊ တမန်းသားကျေးရွာ၌ စစ်ကြွင်းစစ်ကျန်လက်နက်များ ပေါက်ကွဲပြီး ကလေး ၇ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အာက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေ​ကြောင်း သိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122138089688180219

Leave a Reply

Your email address will not be published.