By DMG / 2024 April 25
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ ခမရ (၅၆၅) တပ်ရင်းကို အာရက္ခတပ်တော်(AA) က ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
ဘူးသီးတောင်ဒေသခံတစ်ဦးက “မနေ့က အဲဒီတပ်ရင်းဖက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်။ နောက်ပြီး စကခ(၁၅)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာတွေရှိတယ်။ အခုလည်း လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။ တပ်ရင်းအနီးက ဒေသခံတွေကတော့ ထွက်ပြေးနေကြတယ်” ဟု ဆိုသည်။
လက်ရှိ AA တိုက်ခိုက်နေသော တပ်ရင်းများမှာ စကခ(၁၅) လက်အောက်ခံဖြစ်ပြီး ဘူးသီးတောင် စကခ (၁၅) လက်အောက်တွင် ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ရှိသည်။ ယင်းအထဲမှ တပ်ရင်း ၅၅၂ နှင့် ၅၆၄ တို့ကို AA က အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်သည်။
နိုင်ငံရေးသမားတစ်ဦးက “ဘူးသီးတောင်မှာ AA က အချိန်ယူပြီးတော့ တိုက်နေတယ်လို့ မြင်တယ်။ နောက်ပြီး မွတ်ဆလင်တွေရှိတဲ့ ဒေသလည်းဖြစ်တော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေရတဲ့ အပိုင်းတွေလည်းရှိမယ်။ ဘူးသီးတောင်မှာက တပ်ရင်းတွေများတော့ မြို့သိမ်းတိုက်ပွဲက ကြာနိုင်တယ်” ဟု ပြောသည်။
ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း မြို့နယ် ၉ ခုကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ကို ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်နေသည်။
ဓာတ်ပုံ – Arakan Bay News
https://www.facebook.com/dmgnewsagency/posts/827076389465959