ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံး

By Arakan Bay News / 2024 April      16

ရက္ခိုင်ပြည်။ ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ သိန်းတန်အုပ်စု၊ ပြင်လှကူနာ မူဆလင်ရွာမှအသက် ၆၄ နှစ်အရွယ် ဦးနိုရ်ရူဖြစ်သည်။

ယမန့်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် နိုရ်ရူနှင့်တစ်ရွာတည်းနေမူဆလင် ၁ ဦးတို့သည် ဘူးသီးတောင်မြို့သို့ ဘိလပ်မြေဝယ်ရန်သွားခဲ့သည်။

စိမ်းညှင်းပြားရွာဖက်မှ ဘူးသီးတောင်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်သွားရာ ကကျက်ဖက် မူဆလင်ရွာနားသို့အရောက်တွင် ၎င်းတို့နောက်မှာလိုက်ပါလာသည့် ARSA အဖွဲ့ဝင် ၂ ဦးက နိုရ်ရူကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” သူတို့ ၂ ​ယောက်က ဘိလပ်မြေဝယ်ဖို့ ဘူးသီးတောင်ကို သွားတာပါ။ ဆိုင်ကယ်နဲ့သွားတဲ့လမ်းမှာ ARSR အဖွဲ့ဝင် ၂ ယောက်က သူတို့နောက်က လိုက်လာတယ်။ ပြီးတော့ တစ်ယောက်ကို ပစ်သတ်သွားတယ်” ဟု ဆိုသည်။

၎င်းသည် သေနတ်ကျည်ဆံထိမှန်ပြီး ယင်းနေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

 ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် ကံကြီးပြင် မူဆလင်ရွာသို့ လာရောက်ပြီး မူဆလင်အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကန်ကြီးပြင် မူဆလင်ရွာက အသက် ၃၀ နှစ်အရွယ် အာဂျေးတူရာမာန်ဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၆ ရက်နေ့ကလည်း ARSA ကဘူးသီးတောင်မြို့ စိမ်းညှင်းပြား စျေးသို့ လာရောက်ပြီး အသက် ၃၅ နှစ်အရွယ် အီဆမာန်ကို သေနတ်၊ ဓားတို့ဖြင့် သတ်ဖြတ်သွားခဲ့သည်။

ထို့သို့အကြိမ်များစွာ ပစ်ခတ်၊ သတ်ဖြတ်သွားခဲ့သည့်အတွက် ၎င်းလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ARSA အဖွဲ့က ရပ်ရွာများသို့ ဝင်ရောက်ပြီး မူဆလင်များကို သတ်ဖြတ်နေသည့်အတွက် ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း ကန်ကြီးပြင် ရွာမှ ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” သူတို့ရွာထဲကိုလာရင် ပြန်ပေးဆွဲတယ်။ သူတို့နောက်ကိုမလိုက်ရင် သေနတ်တွေနဲ့ပစ်သတ်တယ်။ ဓားနဲ့ခုတ်သွားတယ်။ ကျနော်တို့လည်း စိုးရိမ်နေကြတယ် ” ဟုဆိုသည်။

ဘူးသီးတောင်မြို့အနီးတစ်ဝိုက်ရှိ  ARSAအဖွဲ့ဝင်များသည် လမ်းသွားလမ်းလာပြည်သူများကို သတ်ဖြတ်ခြင်း၊ ကုန်ပစ္စည်းများကိုအဓမ္မ လုယူခြင်းများ နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိသည်။

၎င်းတို့သည် တောင်တောင်အနီး နယ်စပ်ဒေသများ နှင့် ရပ်ရွာများတွင် ပုန်းခိုပြီး ပြည်သူများအား သတ်ဖြတ် မှုများကို နေ့စဥ်ရက်ဆက်

ကျူးလွန်လျက်ရှိသည်။

ရက္ခိုင်တွင် ဧပြီလအတွင်း ARSA အဖွဲ့က မူဆလင်မျိုး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တွေ့ရသည်။

ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံး – A

https://www.facebook.com/arakanbaynewsinfo/posts/122138100542180219

Leave a Reply

Your email address will not be published.