By Western News / 2024 April 10
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အကြား ရေလက်ကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း ရမ်းဗြဲ ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီ နေဗီမှ ယနေ့ ဧပြီလ ၁၀ ရက်နံနက်ပိုင်း ၈ နာရီဝန်ကျင်ခန့်က ရမ်းဗြဲမြို့နယ် ကုန်ဘောင်တိုက်နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် သေဆုံးသူအမျိုးသမီးမှာ ရမ်းဗြဲမြို့နယ် ရွာသာယာကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးသန်းမြင့်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှ ပုံညဝတီကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်လှိုင်လှိုင်ကြူနှင့် နောက် ၄ဦးထက် မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနက်ပိုင်းလောက်မှာဖြစ်တာပါ။ လက်နက်ကြီးကျတော့ တစ်ယောက်က ဝမ်းဗိုက်ဒဏ်ရာ ပြင်းထန်ပြီးရတယ်။ သွေးထွက်လွန်ပြီးတော့ ၁၀ နာရီခွဲမှာဆုံးသွားပါတယ်။ နောက်ထပ် ၄ ယောက်လောက်တော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟုပြောသည်။
ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်မှစ၍ မာန်အောင်မြို့နယ် ကျွဲကူးရေလက်ကြားရှိ စစ်ကောင်စီနေဗီမှ ရမ်းဗြဲဖက်မြို့အနောက်ဖက်ကမ်းသို့ လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်မှုများရှိနေရာမှ ယခုကဲ့သို့ ဒေသခံများ ထိခိုက်သေဆုံးမှုတို့ရှိခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်နေပြီဖြစ်သည့် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ဂျက်တိုက်လေယာဥ်များဖြင့် လာရောက်ပစ်ခတ်မှုလည်းရှိခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် ဖက်ကြပ်ကျေးရွာတွင် ကလေးငယ် တစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အအုံများလည်း ပျက်စီးမှုရှိခဲ့သည်။
စစ်ကောင်စီမှ စစ်ရေယာဥ်၊ တိုက်လေယာဥ်များဖြင့် ရခိုင်ရှိမြို့နယ်တိုင်းနီးပါးကို မကြာခဏပစ်ခတ်မှုတို့ရှိနေပြီး ထိုသို့ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ၊ မွတ်ဆလင်များအပါအဝင် သေဆုံးဒဏ်ရာရသူအများ အပြား ရှိလာနေပြီဖြစ်သည်။
၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ULA/AA ၏ HDCO က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/873180338154727