တောင်ကုတ် မြို့ပေါ်ရပ်ကွက်များမှ လူအင်အား ၅၀ခန့်ဖြင့် ပထမအသုတ် ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်တပ်စီစဥ်

By Narinjara / 2024 April     3

ရခိုင်ပြည်၊ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များမှ လူအင်အား ၅၀ ခန့်ဖြင့် ပထမအသုတ်  ပြည်သူ့စစ် ဖွဲ့စည်းရန် စစ်ကောင်စီက စီစဥ်နေကြောင်း နိရဥ္စရာသတင်းဌာနမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဧပြီလ ၂ ရက်တွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား စကခ(၅)အတွင်းသို့ ခေါ်ယူပြီး ပြည်သူ့စစ်စုဆောင်းရေးကိစ္စများဆွေးနွေးရာတွင် အင်အား ၅၀ ပါမည့်ပြည်သူ့စစ် ပထမအသုတ်အား ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးမည်ဟု ဗျူဟာမှူးက ပြောဆိုခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“မနေ့က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို စကခ(၅)ထဲ ခေါ်တယ်။ ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်မယ့်ကိစ္စတွေဆွေးနွေးကြတယ်။ ပထမဆုံးအကြိမ်အနေနဲ့ အင်အား ၅၀ ရှိတဲ့ပြည်သူ့စစ်ဖွဲ့စည်းပြီးလက်နက်တွေတပ်ဆင်ပေးမယ်ဆိုတာတွေပေါ့” ဟု ၎င်းက ပြောသည်။

ယခုဖွဲ့စည်းမည့် ပြည်သူ့စစ်အဖွဲ့တွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်အရွယ်အထိအကျုံးဝင်ပြီး လစာငွေ ၂ သိန်းကျပ်စီထောက်ပံ့ပေးမည်ဖြစ်ကာ ၊ တစ်လတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းနှုတ်ထွက်လိုပါက နှုတ်ထွက်ခွင့်ပေးမည်ဟု စစ်တပ်ဘက်ကမက်လုံးပေးထားကြောင်းလည်း သိရသည်။

” လစာနှစ်သိန်းပေးမယ်။ တစ်လတာဝန်ထမ်းပြီးတော့နှုတ်ထွက်ချင် နှုတ်ထွက်ခွင့်ပေးမယ်လို့ စစ်တပ်ဘက်က မက်လုံးတွေပေးထားတယ်။ တချို့နားမလည်တဲ့သူတွေက လစာရမယ်ဆိုတော့ ပြည်သူ့စစ်ထဲဝင်ဖို့လုပ်နေကြသူတွေလည်းရှိနေတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

ပြည်သူ့စစ်သင်တန်းပေးဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးကာ မိမိတို့ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်၏ အထိန်းအကွပ်နှင့် ညွှန်ကြားမှုအောက်၌   တာဝန်ထမ်းဆောင်ရမည်ဟုလည်း စစ်တပ်ဘက်က ပြောဆိုထားကြောင်းသိရှိရသည်။

တောင်ကုတ်မြို့ပေါ်ရပ်ကွက်များတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားနေသည်ကို စစ်တပ်ဘက်မှသိရှိ၍ ပြည်သူ့စစ်ဖွဲ့စည်းရေး စီစဥ်ရခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကိုစစ်တပ်ဘက်က ပြောဆိုခဲ့သည်ဟု သိရသည်။

(ဓာတ်ပုံ- ယခုပုံမှာ ဗမာပြည်မှ စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်ကောင်စီက ကြိုဆိုပွဲလုပ်နေသည့် ပုံဖြစ်ပါသည်။)

https://www.facebook.com/narinjara.info/posts/825427146291083

Leave a Reply

Your email address will not be published.