စစ်တွေမြို့ရှိ မူဆလင်ဒုက္ခသည်စခန်း ၃ခုတွင် ကူးစက်မြန် ဝမ်းလျှောရောဂါကြောင့် ကလေးငယ် ရာချီ ဆေးရုံတင်ထားရပြီး၊ သေဆုံးသူများရှိနေ

By Arakan Bay News / 2024 April      3

စစ်တွေမြို့နယ်ရှိ သက္ကေပြင်ဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်းနှင့် ဆေးသမားကြီးအုပ်စုရှိ ဖွဲရာကုန်းဒုက္ခသည်စခန်းတို့တွင်  ကူးစက်မြန်ဝမ်းလျှောရောဂါကြောင့် ကလေးငယ် ရာနှင့်ချီ ဆေးရုံတင် ကုသနေရပြီး၊ သေဆုံးသည့် ကလေးငယ်များရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်

ပြီခဲ့သည့် မတ်လ၊ စတုတ္ထအပတ်တွင် စစ်တွေမြို့နယ်၊ ဆေးသမားကြီးအုပ်စုရှိ ဖွဲရာကုန်းဒုက္ခသည်စခန်းမှ စတင်ကာ ကူးစက်မြန်ဝမ်းလျှော့ရောဂါ ဖြစ်ပွားခဲ့သည်ဟု ဒေသခံမူဆလင်ဒုက္ခသည်များထံမှ သိရသည်။

အဆိုပါ ဒုက္ခသည်စခန်း ၃ခုမှ ကူးစက်မြန်ဝမ်းလျှောရောဂါ ခံစားနေရသည့် ကလေးများအား သက္ကေပြင်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေကြရကြောင်း သက္ကေပြင်ကျေးရွာသား ၁ဦးက ပြောသည်။

“ဒုက္ခသည်စခန်း ၃ခုက ကလေးငယ်တွေ ဝမ်းရောဂါ ခံစားနေရတယ်။ သူတို့ဟာ သက္ကေပြင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်။ ဆေးရုံ ၁ခုလုံး ဝမ်းရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့ ပြည့်နေတယ်။ ကလေးငယ်တွေ သေဆုံးတာလည်း ရှိနေပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိတွင် ဖွဲရာကုန်းဒုက္ခသည်စခန်းမှ ကလေးငယ် ၇၀ ခန့် ‌ဆေးကုသမှုရပြီး ၎င်းဒုက္ခသည်စခန်း၏ အနီးပတ်ဝန်းကျင်ရွာများတွင်လည်း ကူးစက်ပြန့်နှံနေကြောင်း သိရှိရသည်။

အုန်းတောကြီးဒုက္ခသည်စခန်းတွင် ကလေးငယ်များ ကူးစက်မြန်ဝမ်းရောဂါခံစားနေကြောင်း စခန်းမှ ကိုသန်းချေက AB News သို့ ပြောသည်။

“ကျနော်တို့စခန်းမှာ ကလေးငယ်တွေ ကူးစက်မြန် ဝမ်းလျှောရောဂါဖြစ်ပွားနေပါတယ်။ ကျနော့်မှာလည်း  အသက် ၁နှစ် အရွယ် သမီးငယ်တစ်ယောက် ဝမ်းရောဂါ ဖြစ်နေပါတယ်။ အိမ်နီးချင်းတစ်ယောက်လည်း ဖြစ်နေပါတယ်။ သမီးလေးဟာ တစ်ညလုံး ဝမ်းလျှောတယ်၊ အန်တယ်။ အဲ့ဒါကြောင့် ဆေးခန်းမှာ  နှစ်ညအိပ်ကုသခဲ့ရတယ်။ ရွာမှာတော့ ကလေးငယ်တွေ အများကြီး ဝမ်းပျက် ဝမ်းလျှောရောဂါ ခံစားနေရတယ်” ဟု ဆိုသည်။

မူဆလင်ဒုက္ခသည် ကိုသန်းချေ၏ သမီး ဆေးရုံတက် ကုသနေသည့် မတ်လ ၃၀ ရက်နေ့စဥ်အတွင်း ဝမ်းပျက် ဝမ်းလျှော ကူးစက်မြန်ရောဂါကြောင့် ကလေးငယ် ၄ ဦး သေဆုံးခဲ့သည်ကို တွေ့ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။ 

“သ‌က္ကေပြင်ဆေးရုံမှာ ကျနော့်သမီလေး ဆေးကုသမှုခံယူနေချိန်မှာ ဝမ်းလျှောရောဂါခံစားနေရတဲ့ ကလေးငယ် ၄ဦး သေဆုံးခဲ့တာ တွေ့ခဲ့ရပါတယ်။ အခြားကလေးငယ် ၅၀ကျော်ဟာလည်း ဝမ်းရောဂါ ခံစားနေရတယ်” ဟု ဆက်ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့က အုန်းတောကြီးရွာမှ ကလေး ၁ဦးမှာ ညအချိန်တွင် ဝမ်းပျက်ဝမ်းလျော့ရောဂါဖြစ်ပွားပြီး ဧပြီလ ၁ရက်၊ နံနက်အချိန်တွင်   ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

သက္ကေပြင်ဆေးရုံတွင် ဆေးဝါးများပြတ်လပ်နေပြီး ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုများကြောင့် မူဆလင်ဒုက္ခသည်များမှာ ဆေးကုသမှုခံယူရန် အလွန် ခက်ခဲနေသည်ဟု ဖွဲရာကုန်းစခန်းမှ ဒုက္ခသည် ၁ဦးက ပြောသည်။

“ဆေးရုံမှာက ဆေးဝါးတွေ ပြတ်လပ်နေပြီ။  ‌အသက် ၃၀ကျော် အမျိုးသမီး ၁ဦးမှာဆိုရင် သူ့ကလေးအတွက် ဆေးဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူး။ ကူညီမဲ့သူလည်း မရှိဘူး။ တကယ့်ကို သနားစရာကောင်းပါတယ်” ဟုပြောသည်။

ဝမ်းပျက်ဝမ်းလျှောခံစားနေရသည့် ကလေးများအား ဆေးဝါးအပြည့်အစုံနှင့် ကုသမည်ဆိုပါက လျှင်မြန်စွာ သက်သာပျောက်ကင်းသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဝမ်းပျက်ဝမ်းလျော့ရောဂါ စတင်ဖြစ်ပွားခဲ့သည့် မတ်လ စတုတ္ထအပတ်တွင် သက္ကေပြင်ဆေးရုံတွင် ဆေးကုသမှုခံယူသူများအား ACFမှ ဆေးဝါးထောက်ပံခဲ့ပြီး ယခု ထောက်ပံ့မှုများကို ရပ်တန့်လိုက်သည့်အတွက် မူဆလင်ဒုက္ခသည်များ ဆေးဝါးကုသမှု လွန်စွာ ခက်ခဲလျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းများတွင်  ကူးစက်မြန်ဝမ်းလျှော ရောဂါဖြစ်ပွားခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲများကို AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

https://www.facebook.com/arakanbaynewsinfo/posts/122134902866180219

Leave a Reply

Your email address will not be published.