ALP ခွဲထွက် ဥက္ကဌ စောမြရာဇာလင်း သတ္တဝါအပေါင်း ဘေးကင်းရေး ဆုတောင်း

(ဆုတောင်းစကားကို စက်ဆုပ်ရွံရှာမိကြောင်း ရခိုင်လူငယ်ပြော)

By Western News / 2024 March     1

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ခွဲထွက်အဖွဲ့ ဥက္ကဌ ဒေါ်စောမြရာဇာလင်းမှ သတ္တဝါအပေါင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆုတောင်းနေကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ALP ခွဲထွက်အဖွဲ့ ဥက္ကဌ စောမြရာဇာလင်းမှ သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတ္တဝါအပေါင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆုတောင်းမေတ္တာ ပို့သပေးကြောင်း ရေးသားထားသည်။

” သတ္တဝါအပေါင်း ဖီး (ဘေး)ရန်ကင်းကွာ ချမ်းသာကြပါစေ၊ သက်ရှိအားလုံး သက်တမ်းစေ့ နေထိုင်နိုင်တဲ့ ဘဝကို ပိုက်ဆိုင်နိုင်ကြပါစေ ” ဟု ဆုတောင်းစကား ပြောဆိုထားသည်။

ဒေါ်စာမြရာဇာလင်း၏ ဆုတောင်းစကားမှာ ယမန်နေ့ နံနက် ၈ နာရီကျော်အချိန်က စစ်ကောင်စီ ရေတပ်မှ စစ်တွေမြို့မဈေးသို့ လက်နက်ကြီးပစ်ခတ်၍ သေဆုံးသွားသော ရခိုင်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် မေတ္တာပို့ခြင်းဟု သိရသည်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ စစ်ကောင်စီရေတပ်ဌာနချုပ်မှ လက်နက်ကြီးဖြင့် လူစည်ကားနေချိန် စစ်တွေမြို့မဈေးသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ရခိုင်ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

သို့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသော ALP ခွဲထွက် ဥက္ကဌ စောမြရာဇာလင်း၏ ဆုတောင်းစကားမှာ စက်ဆုပ်ရွံရှာစရာကောင်းသည်ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

” စစ်ကောင်စီလို့ပဲ ခေါ်ခေါ် မြန်မာစစ်တပ်လို့ပဲ ခေါ်ခေါ် အကြမ်းဖက် စစ်တပ်နဲ့ ပေါင်းနေတဲ့ ဒေါ်စောမြရာဇာလင်းကို ရခိုင်ပြည်သူတွေက လက်ခံကြတာမဟုတ်ဘူး။ ဒါပေမယ့် ရခိုင်လူငယ်တွေနဲ့ဖွဲ့စည်းထားလို့ ရခိုင်တပ်လို့တော့ သတ်မှတ်ထားတယ်။ မနေ့ကဆိုကြည့် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်သူတွေကို ရက်ရက်စက်စက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ ဒီလိုအကြမ်းဖက် သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်နဲ့ ပေါင်းလုပ်စားနေတဲ့ ဒေါ်စောမြရာဇာလင်းရဲ့ ပြောစကားကို တကယ် စက်ဆုပ်ရွံရှာမိပါတယ်။ ရခိုင်ပြည်သူတွေကို ချစ်တယ်ဆိုရင် အကြမ်းဖက်စစ်တပ်နဲ့ လမ်းခွဲပြီး ရခိုင်ပြည်သူတွေဘက်က ရပ်တည်ပေးပါ။ ပါးစပ်က ဆုတောင်းကား လျှောက်ပြောနေမယ့်အစား ရခိုင်ပြည်သူတွေ အသတ်မခံရအောင် ရခိုင်ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်သင့်ပါတယ်။ ” ဟု ဆိုသည်။

စောမြရာဇာလင်း ဥက္ကဌအဖြစ် ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ခွဲထွက်အဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူထားပြီး စစ်တွေမြို့ စက်ရုံစုရပ်ကွက် အေးသာယာလမ်းတွင် ဌာနချုပ်ရုံး အခြေစိုက်ထားကြောင်း သိရသည်။

စောမြရာဇာလင်း၏ ALP သည် ရခိုင်ပြည်သူများအတွက် ငြိမ်းချမ်းရေးယူခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးယူထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်သူများက ပြောဆိုနေကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့အချိန်အထိ စစ်ကောင်စီမှ ရခိုင်ပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသော်လည်း စောမြရာဇာလင်း ALP အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား တစ်စုံတစ်ရာ ဟန့်တားပြောဆို ကန့်ကွက်ခြင်းများ မတွေ့ရသေးပေ။

နေ့စဉ်နှင့်အမျှ ရခိုင်ပြည်သူများအပေါ် အကြမ်းဖက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ စောမြရာဇာလင်း ဦးဆောင်သော ALP ခွဲထွက်အဖွဲ့အနေဖြင့် ရေငုံနုတ်ပိတ်နေသည်မှာ အရှက်သိက္ခာမဲ့ လုပ်ရပ်ဖြစ်သည်ဟု စစ်တွေဒေသခံ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးက ပြောသည်။

” ALP ရဲ့ လုပ်ရပ်က အရှက်သိက္ခာမဲ့တယ်။ ရခိုင်ပြည်သူတွေ သတ်ဖြတ်ခံနေရချိန်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းနေတယ်။ ပြီးတော့ မြန်မာစစ်တပ်ကို ဘာဆိုဘာတစ်ခုမှ ပြန်ပြောတာ၊ ဟန့်တားတာ၊ ဆန့်ကျင်တာ မရှိဘူး။ ဒါလား ရခိုင်ပြည်သူတွေအတွက် တိုက်ပွဲဝင်တာ။ ဘေးရန်ကင်းကွာဆိုတဲ့ ဆုတောင်းစကားလေးနဲ့ သေဆုံးသွားတဲ့ ရခိုင်ပြည်သူတွေအတွက် နှစ်သိမ့်ပေးတာက ရခိုင်လူမျိုးတစ်ခုလုံးကို ဆော်ကားရာ ရောက်ပါတယ်။ ” ဟု ဆိုသည်။

စောမြရာဇာလင်း၏ ALP ခွဲထွက်အဖွဲ့သည် လက်ရှိ စစ်တွေမြို့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရက္ခိုင့်တပ်တော် AA အား တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ပြည်သူများအား ဖမ်းဆီးခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ရမ်းကားသောင်းကျန်းမှုများကို ပြုလုပ်နေကြောင်း စစ်တွေဒေသခံများက စွပ်စွဲပြောဆိုကြသည်။

ရခိုင်ပြည်သူများအား ဦးတည်တိုက်ခိုက်နေသော အာဏာသိမ်းစစ်ကောင်စီကို ရက္ခိုင့်တပ်တော် AA နှင့်အတူ ALP (မူရင်း)၊ စောမြရာဇာလင်း ဦးဆောင်သော ALP တို့ကလည်း ပူးပေါင်းတိုက်ခိုက်စေလိုကြောင်း ရခိုင်ပြည်သူများက တောင်းဆိုနေကြခြင်းဖြစ်သည်။

စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ စစ်သည်အင်အား ၃၀၀ ခန့်ရှိကြောင်း စောမြရာဇာလင်းနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ပုံစာ – ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ALP ဥက္ကဋ္ဌ စောမြရာဇာလင်း တွေ့ဆုံစဉ်။

Western News-WN

https://www.facebook.com/westernnewsagency/posts/847674397371988

Leave a Reply

Your email address will not be published.