ရခိုင်ပြည်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု AA ဖိတ်ခေါ်နေ

(ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်များကို ကာကွယ်ပေးမည်ဟု AA ဆို)

By Western News / 2024 March     25

ပုံစာ – တရုတ်အစိုးရပိုင်လုပ်ငန်းများအခြေစိုက်ရာ ကျောက်ဖြူ မဒေးကျွန်းကို ၂၀၁၉ အောက်တိုဘာလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ- YE AUNG THU/AFP via Getty Images)

ရခိုင်ပြည်အတွင်း အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမဆို ကြိုဆိုကြောင်း ရက္ခိုင့်တပ်တော် AA က ဖိတ်ခေါ်နေသည်။

ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအခြေအနေများကို ရက္ခိုင့်တပ်တော် AA မှ ယနေ့ မတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု AA က ပြောသည်။

လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် AA နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

နောင်အနာဂတ်ကာလတွင် ရခိုင်ပြည်ကို နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသော အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်ကြိုးပမ်းသွားမည်ဟု AA က ဆိုသည်။

ရခိုင်ဒေသအပေါ် စစ်မှန်သည့် စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း AA က ပြောသည်။

ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်အတွင်းက ကျန်ရှိနေသေးသော လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

သိမ်းပိုက်ရရှိထားသော မြို့များကိုလည်း မြို့ရွာများ၏ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားအဝဝတို့ကို အကောင်းဆုံးကြိုးစားဆောင်ရွက်လျှက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/862761939196567

Leave a Reply

Your email address will not be published.