By Arakan Bay News / 2024 March 3

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စခန်းကုန်းများကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်း AA က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့တွင်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီဖက်မှ ကြည်း၊ရေ၊လေ အသုံးပြုပြီး အသည်းအသန်ခုခံကာကွယ်နေရကာ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိကြောင်း AA ကဆိုသည်။
အာဏာစလက်လွှတ်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေသည့် စစ်ကောင်စီအဖွဲ့ဝင်များသည် ပြည်သူများကို AA ဟုသတ်မှတ်ကာ အငြိုးတကြီး သတ်ဖြတ်လာခြင်း၊ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းများ နှင့် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားသည့် ပြည်သူများစွာရှိလာနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပုဏ္ဏားမြို့မရဲစခန်းကို AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ရဲအုပ် ကျော်စိုးအပါအဝင် တပ်သား ၂၃ ဦးသည် ရက္ခိုင့်တပ်တော်ထံလက်နက်ချအလင်းဝင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က AA က ရုပ်သံဖြင့်တကွ ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ “ရန်အောင်ပြင်စခန်း” အား မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
https://www.facebook.com/arakanbaynewsinfo/posts/122126656520180219