မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် စစ်ကောင်စီအဖွဲ့ တပ်စွဲရန် ပြင်ဆင်နေ

By Arakan Bay News / 2024 March      2

ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် စစ်ကောင်စီအဖွဲ့ အခြေချတပ်စွဲရန် ပြင်ဆင်နေကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များမှ တဆင့် သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ဆေးရုံခြံဝင်းထဲမှ ထွက်ခိုင်းပြီး ဆေးရုံအား ပိတ်ခိုင်းထားကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသည့် အကြမ်းဖက်စစ်ကောင်စီသည်  မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် တပ်စွဲရန် ပြင်ဆင်နေကြောင်း မြို့ခံ ၁ဦးက ပြောဆိုသည်။

“စစ်ကောင်စီဟာ ခရိုင်ပြည်သူ့ဆေးရုံကို တပ်စွဲဖို့ ပြင်နေတယ်။ ဆေးရုံကို ပိတ်ခိုင်းထားတယ်။ ဆေးရုံကို ပိတ်လိုက်ရင် ပြည်သူတွေ ဆေးဝါးကုသခွင့်တောင် ရမှာမဟုတ်တော့ဘူး။ ဒါဟာ ပြည်သူတွေကို တမင်အခက်တွေ့အောင် လုပ်လိုက်တာ ဖြစ်တယ်” ဟု ဆိုသည်။

အခြားမြို့များမှ တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း စစ်ကောင်စီက သူတို့၏ မြို့အသီးသီးကို ပြန်ခိုင်းထားကြောင်း သိရသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲလာပါက ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားမည်ကို စိုးရိမ်နေကြောင်း မြို့ခံ ၁ဦးက ပြောကြားသည်။

“သူတို့(စစ်ကောင်စီ)ဟာ မြို့အတွင်း တပ်စွဲတယ်။ မြို့အနီး တိုက်ပွဲတွေ ဖြစ်လာရင် ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးထားတယ်။ သူတို့ တပ်စွဲလာရင် ပြည်သူတွေ နေရဲမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ တောင်ပြိုလက်ယာစခန်း၊ တောင်ပြိုလက်ဝဲဗျူဟာအပါအဝင် အခြား အထိုင်စခန်းများကို သိမ်းပိုက်ခဲ့ပြီး ကြိမ်ချောင်းဗျူဟာနှင့် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122126595164180219

Leave a Reply

Your email address will not be published.