By Arakan Bay News / 2024 March 2

ရက္ခိုင်ပြည်၊ မင်းပြားမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၃ ဆောင်ပျက်စီးခဲ့ရသည်။
အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယမန်နေ့ မတ်လ ၁ ရက်နေ့ ညဥ့် ၁၁ နာရီ ၁၄ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက် နှင့် အဝေးပြေးကားဂိတ်ဟောင်းကို ဗုံးကြဲချခဲ့သည့်အတွက် ဒဏ်ရာရရှိသူများရှိခဲ့သည်။
ဒဏ်ရာရရှိသူများမှာ အဖဦးစံသိန်းမောင်၏ သမီးအသက် ၃၅ နှစ်အရွယ် ဒေါ် သန်းသန်းမော်၊ အဖ ဦးမောင်သန်းနု၏သား အသက် ၃၂ နှစ်အရွယ် ကျော်သိန်းဦး၊ အဖ မောက်သူ၏ သား အသက် ၃၆ နှစ်အရွယ် ကိုညီညီ၊ အသက် ၅၄ နှစ်အရွယ် ဦးမဲချေ၊ အဖ ဦးကျော်ဇောလှိုင်၏ သမီး အသက် ၁၇ နှစ်အရွယ် မ ငြိမ်းအေးနိုင်၊ အသက် ၆၉ နှစ်အရွယ် ဒေါ်စောပွင့်၊ အဖ ဦးနံသာထွန်း၏သမီး အသက် ၅၇ အရွယ် ဒေါ်မချေ တို့ဖြစ်သည်။
၎င်းထဲမှ ဒေါ်သန်းသန်းမော် မှာ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲဲ့ပြီး ၊ဦးကျော်သိန်း ဦးမှာ မျက်နှာ၊ ညာခြေထောက် ၊ ညာဘက်လက်တို့တွင် ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ ဦးမဲချေမှာ ဘယ်ဖက် မျက်လုံးအပါအဝင် ဦးခေါင်းတို့အား လက်နက်ကျည်စ ထိမှန်ခဲ့သည့်အတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
ထို့အပြင် မီးလောင်ပြာကျသွားသည့် နေအိမ်ပိုင်ရှင်များမှာ ဦးလှစောမောင်အိမ်၊ ဦးနိုင်နိုင်အိမ် နှင့် ဒေါ်ခင်ဝင်းနုအိမ်တို့ သိရသည်။ဒဏ်ရာရရှိသူများကို နီးစပ်သည့် ဆေးခန်းတို့တွင် အရေးပေါ်ဆေးကုသမှုခံယူနေရသည်။
ယမန်နေ့ မတ်လ ၁ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၄ဆောင်ထက်မနည်း ပျက်စီးခဲ့ရသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇နေ့တွင် မင်းဖူး အရပ်ဘက်ဆေးရုံကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် ၎င်းဆေးရုံပျက်စီးခဲ့ရကာ ဆေးရုံဝန်ထမ်းများအပါအဝင် စစ်ကောင်စီ၏ သုံ့ပန်းများနှင့် ၎င်းတို့၏မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
အလားတူ တစ်ရက်တည်းတွင် စစ်ကောင်စီအဖွဲ့က ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေကံကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများအားအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်လာခြင်း၊ နေအိမ်များကို ဗုံးကြဲချခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမှုရှိလာကြောင်း တွေ့ရသည်။
https://www.facebook.com/arakanbaynewsinfo/posts/122126616602180219