ဘူးသီးတောင်အခြေစိုက် ၂၃၃ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီအရာရှိ ၄ ဦးကို အသေဖမ်းမိပြီး အရှင် ၅၉ ဦးဖမ်းမိကြောင်း CDF-Daai မှ သတင်းထုတ်ပြန်

By Narinjara / 2024 March     2

(ဓာတ်ပုံ- ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ CDF-Daai)

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ နှစ်လတာစစ်ဆင်ရေးအတွင်း Chinland Defense Force-Daai (CDF – Daai) အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄ ဦးကိုအသေဖမ်းမိကာ (၅၉) ဦးကို အရှင် ဖမ်းဆီးပြီး ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတင်းထုတ်ပြန်သည်။

အသေဖမ်းမိသူ ၄ ဦးမှာ ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက်  ခမရ(၂၃၃)တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး(၁)ဦး နှင့်ဗိုလ်ကြီး (၂)ဦး စုစုပေါင်း(၄) ဦးတို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် အဆိုပါ တိုက်ပွဲအတွင်း ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၅)ဦးနှင့်အကြပ်ရဲဘော် (၈)ဦး စုစုပေါင်း (၁၄)ဦးတို့ ကို အရှင်ဖမ်းဆီးခဲ့ ကြပါသည်။

CDF- Daai အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မွန်တောင်စစ်ဆင်ရေးပြုလုပ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ ဗိုလ်ကြီး(၁)ဦး၊ ဗိုလ်(၁)ဦး၊ တပ်ကြပ်ကြီး(၂)ဦးအပါအဝင် အကြပ်ရဲဘော်(၁၁)ဦး စုစုပေါင်း (၁၅) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့တွင် လောင်းပွဲတောင်၌ မိမိတို့ CDF – Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်ရာတွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့ထံ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့မှဗိုလ်(၁)ဦး၊ တပ်ကြပ်ကြီး(၃)ဦး အပါအဝင်အကြပ်ရဲဘော်(၁၉)ဦး စုစုပေါင်း(၂၃)ဦး လက်နက်ချအလင်း ဝင်ခဲ့ကြပါသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်း ချင်းပြည်နယ် လုံရင်းတောင်စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လှောင်သွေတောင် စစ်ဆင်ရေး အသီးသီးဆောင်ရွက်ခဲ့ကြရာတွင်လည်း  အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူး(၂)ဦး၊ ဗိုလ်ကြီး(၃)ဦး နှင့် အကြပ်ရဲ ဘော်(၂)ဦးစုစုပေါင်း (၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ရက္ခိုင့်တပ်တော် (AA) က ပလက်၀မြို့ကို တိုက်ခိုက်စဉ် စခန်းစွန့်ခွာပြီး မကွေးတိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးကြသူများဖြစ်ပြီး လမ်းခရီးတွင် CDF-Daai တပ်ဖွဲ့၏လိုက်လံချေမှုန်းခြင်းကို ခံခဲ့ကြရသူများဖြစ်ကြသည်။

CDF-Daai သည် ချင်းပြည်နယ် ပလက်၀၊မင်းတပ်၊ မတူပီနှင့် ကန်ပလက်မြို့နယ်တို့ကို အခြေစိုက် လှုပ်ရှားနေသည်ဟု သိရသည်။

စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

https://www.facebook.com/narinjara.info/posts/805708354929629

Leave a Reply

Your email address will not be published.