စစ်ရာဇဝတ်မှုကျူးလွန်ခံရသည့် ရခိုင်ပြည်သူများအတွက် တရားမျှတမှုရရှိရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု AA ပြော

By Narinjara / 2024 March     3

ရခိုင်အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့်စစ်ရာဇဝတ်မှုများအတွက် ပြည်သူများတရားမျှတမှု ရရှိရေး အစွမ်းကုန်ကြိုးစားသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်တစ်လုံးသည် စစ်တွေမြို့မဈေးကြီးအနီးရှိ ကိုးရီးယားဆိပ်ကမ်း၊ ပျံကျတန်းတွင်ကျကာ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

” ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးနေသော အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ်ပြီး မိမိတို့အနေဖြင့်လည်း ရက္ခိုင်ပြည်သူများ အပေါ်  စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများတွင် ပါဝင် ပတ်သက် နေသူများကို စိစစ်ဖော်ထုတ် အရေးယူသွားမည်” ဟု  ရက္ခိုင့်တပ်တော်က ပြောဆိုထားသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည့် မင်းပြားမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ၊ စစ်သုံ့ပန်းများ ဆေးဝါးကုသမှု ခံယူနေကြသည့် မင်းဖူးဆေးရုံနှင့်  သေကန်ရွာရှိ စစ်ဘေးရှောင်များတည်းခိုနေသည့် စာသင်ကျောင်းနှင့် ရွာထဲကို ဂျက်တိုက်လေယာဉ်များဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် စစ် ဘေးရှောင်နှင့် ရွာသား ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအား တာဝန်ယူမှုတာဝန်ခံမှု ရှိကိုရှိရမည်ဟု ဦးခိုင်သုခက ပြောသည်။

“ဒါတွေဟာ တစ်ဖက်က ကြည့်ရင် စစ်ရာဇတ်မှုဖြစ်သလို လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်တဲ့ Crimes Against Humanity ကို ကျူးလွန်တာ ဖြစ်တယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့  အခု အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်နေတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ တာဝန်ယူမှုရှိကို ရှိရမယ်”ဟု ပြောသည်။

ယင်းအပြင် စစ်ဘက်နဲ့မဆိုင်သည့်အရပ်သားပစ်မှတ်များ အထူးသဖြင့် ဒုက္ခသည်များ ခိုလှုံနေသည့် နေရာများ၊ အရပ်သားပြည်သူများ မှီခိုအားကိုးနေရသည့် ဆေးရုံ၊ ဆေးခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။

“ဒါတွေဟာ Geneva Convention ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်သလိုစစ်ရာဇဝတ်မှုကို ကျူးလွန်တာလည်း ဖြစ်တယ်”ဟု ဆိုသည်။

ယင်းကြောင့် “အာရက္ခပြည်သူ့အစိုးရက အကျူးလွန်ခံရတဲ့ ပြည်သူတွေ တရားမျှတမှုရဖို့အတွက် အစွန်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်တိုက်ပွဲကာလ သုံးလကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှု၊ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းတို့ကြောင့် သေဆုံးသည့် အရပ်သား ၁၁၁ ဦးနှင့် ဒဏ်ရာရသူ ၃၅၇ ဦးရှိသွားပြီဟု လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသည့် အရပ်သား ၂၉၂ ဦး ရှိသည်ဟုလည်း သိရသည်။ (NN-7)

https://www.facebook.com/narinjara.info/posts/806344838199314

Leave a Reply

Your email address will not be published.