စစ်တွေပျံကျစျေးလက်နက်ကြီးကျ၍ သေဆုံးသူ ၁၃ ဦးအထဲတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်

By Narinjara / 2024 March     1

(ဒဏ်ရာရသူ ၁၈ ဦးကို စစ်ကောင်စီက စစ်ရဟတ်ယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်)

ရခိုင်ပြည် မြို့တော် စစ်တွေမြို့မစျေးကြီးအနီးရှိ ပျံကျစျေးတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း နိရဉ္စရာက စုံစမ်းသိရှိရပါသည်။

သေဆုံးသူမှာ အမျိုးသမီး(၆)ဦးနှင့်အမျိုးသား (၇)ဦး စုစုပေါင်း (၁၃)ဦးဖြစ်ပါသည်။

သေဆုံးသူများမှာ ဒေါ်အေးမြသန္တာကျော် အသက်(၂၇)နှစ်၊ ရွာကြီးမြောက် ရပ်ကွက်မှ ကိုသန်းထွန်းအောင် အသက်(၂၁)နှစ် ၊  ကသဲရပ်ကွက် အကွက်(၄)မှဒေါ်စိန်အေး အသက်(၄၆)နှစ် နှင့် ဒေါ်မသန်းဌေး အသက်(၄၅)နှစ်၊ မင်းဂံရပ်ကွက်မှ ဦးဇော်နိုင် အသက် (၄၈)နှစ်နှင့် မနန္ဒာဝင်း အသက် (၂၃)နှစ်၊ ကျောင်းတက်လမ်းရပ်ကွက်မှ ဦးအောင်ကျော်သိန်း အသက်(၆၄)နှစ်၊ မြောက်စံပြရပ်ကွက်မှ ဒေါ်ရွှေယဉ်မ အသက်(၄၈)နှစ်နှင့် ဦး‌ကျော်လင်း အသက်(၄၂)နှစ်၊ကျောင်းတက်လမ်းရပ်ကွက်မှ ဦးဘသိန်းမောင် အသက်(၅၈)နှစ်၊‌ ဘာဆရာ ရွာမှ ကိုမာမတ်ဟူဆောင်း အသက်(၂၀)၊ ကုန်တန်း ရပ်ကွက်မှ ဒေါ်မာဂျီတာဘေကေ အသက်(၃၅)၊ ဇောဘူဂျာရွာမှ ကိုမောင်မင်းကိုထွန်း အသက်(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်

ဒဏ်ရာရသူ ၂၉ ဦးရှိပြီး ထိုအထဲက ၁၈ ဦးကို ယမန်နေ့  ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၃ နာရီခန့်က  ရန်ကုန်သို့ ဆေးကုသမှုခံယူရန် စစ်ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း စစ်တွေ‌မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

” အမှန်တကယ် ဒဏ်ရာပြင်းတာ ၅ ယောက်ဝန်းကျင်ပဲရှိတယ်။ အဲ့ဒါကို policy အရ ဟန်ပြ သူတို့ဂရုစိုက်တဲ့ ပုံစံနဲ့ခေါ်သွားကြတာ။ စစ်တွေ‌ဆေးရုံမှာ ၁၀‌ယောက်လောက်ကျန်ခဲ့တယ်။ ဒဏ်ရာပြင်းတဲ့ အထဲမှာ စစ်တွေတက္ကသိုလ် ရူပဗေဒဌာနက ဝန်ထမ်းတစ်ယောက်ပါတယ်။ ကျန်တဲ့လူတွေ နာမည်သိပ်မသိပါဘူး” ဟုပြောသည်။

၎င်းလက်နက်ကြီးသည် စစ်တွေမြို့  စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်(ဟောင်း)ဘက်မှ ပစ်လိုက်ခြင်း ဖြစ်ပြီး မြို့ပေါ်သို့ ကျော်ပစ် ခြင်းဖြစ်သည့်အတွက် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

” အဲ့ဒီလက်နက်ကြီးကျည်က ၈ ပေလောက်ရှည်တယ်။ လုံးပတ်က ဓာတ်မီးတိုင်လုံးလောက်ကြီးတယ်။ နောက်ကတောင်ပံ ဒလက်က ကျိုးပြီး မြေစာရင်းရုံးထဲမှာ ကျကျန်ခဲ့တယ်။ ပြီးမှ လိမ့်ပြီး ဝှဲ့ရမ်းပြီး ဈေးကိုကျလာတာ။ ပြီးတော့ ခုလုပ်ရက်က မြို့ကိုကျော်ပစ်တာ။ စစ်ရာဇဝတ်မှု ကျူးလွန်တာ။ အဲ့လက်နက်ကြီး ဒုံးကျည်ကသာ ဈေးခွဆုံမှာကျခဲ့ရင် လူတွေရာနဲ့ချီပြီး ထိခိုက်သေဆုံးနိုင်တယ် ” ဟုပြောသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီ၏ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်သည့် လုပ်ရပ်ဟု ရက္ခိုင့်တပ်တော် (AA) မှထုတ်ပြန်ထားသည်။

( NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။

https://www.facebook.com/narinjara.info/posts/805226681644463

Leave a Reply

Your email address will not be published.