ALD  ခေါင်းဆောင်ဦးထွန်းဝင်း ကွယ်လွန်ခြင်းအပေါ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)အပါအဝင် အဖွဲ့အစည်း ၆ ခုမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

By Narinjara / 2024 February     25

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မင်းပြားမြို့နယ်အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးထွန်းဝင်း(၉၅) နှစ် ကွယ်လွန်သွားခြင်းအပေါ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) အပါအဝင် အဖွဲ့အစည်း ၆ ဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးရေးသားပေးပို့ခဲ့ကြသည်။

ဝမ်းနည်းကြောင်း သဝဏ်လွှာရေးသားပေးပို့ခဲ့ကြသည့် အဖွဲ့အစည်းများ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD)၊ နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO)၊ Arakkha Media၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)နှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီတို့ ဖြစ်ကြသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၏ သဝဏ်လွှာထဲတွင် ဦးထွန်းဝင်းသည် ရက္ခိုင်အမျိုးသား၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်ဖန်တီးခွင့်ရရှိရေးတို့ကို အလေးအနက် ခံယူရပ်တည်ပြီး ၎င်း၏ နိုင်ငံရေးဘ၀ခရီးကို အသက်တသေအထိ တစိုက်မတ်မတ် လျှောက်လှမ်း ဖြတ်သန်းခဲ့သူ ဖြစ်ကြောင်း ဖော်ပြသည်။

ရက္ခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးထွန်းဝင်းကွယ်လွန်ခြင်းအပေါ်  မိသားစု၊ ဆွေမျိုး၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ အခြားတစ်ဖက်တွင် ရက္ခိုင်အမျိုးသား နိုင်ငံရေး သမိုင်းတွင် သူ့ခေတ် သူ့ကာလ၌ အမျိုးသားရေးတာဝန်တစ်ရပ်ကို အကောင်းဆုံး ထမ်းဆောင်နိုင်ခဲ့သောသူတစ်ဦးအဖြစ် ဂါရ၀ပြုယင်း  ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပို့ပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ ရေးသားပေးပို့သည့် သဝဏ်လွှာထဲတွင် ဦးထွန်းဝင်း၏ နိုင်ငံရေး ဖြတ်သန်းမှုကို ယခုလို ဖော်ပြထားသည်။

၁။ ရခိုင်ရဟန်းပျို သောတုဇနအဖွဲ့၏ အတွင်းရေးမှူး

၂။ ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ (ရတညလူငယ်)

၃။ ရခိုင်သဟာယအသင်း(ရန်ကုန်) ဗဟိုအလုပ်အမှုဆောင်

၄။ ရခိုင်အမျိုးသားသမဂ(ရန်ကုန်) နာယက

၅။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ အဖွဲ့ဝင်

၆။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (CEC)

၇။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်(UNLD) အဖွဲ့ဝင်

၈။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မင်းပြားမြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

၉။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) ဥက္ကဋ္ဌ

၁၀။ အမျိုးသားညွှန့်ပေါင်းအစိုးရ ( NCGUB) ၏ အစိုးရအဖွဲ့ဝင် ပညာရေးဝန်ကြီး စသည့် တာဝန်များကို တစိုက်မတ်မတ်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးထွန်းဝင်း(၉၅) နှစ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။

https://www.facebook.com/narinjara.info/posts/802602638573534

Leave a Reply

Your email address will not be published.