By Narinjara / 2024 February 25

အသက် ၁၈နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ ရန်ကုန်မှ ရခိုင်သို့ လေကြောင်းဖြင့် ခရီးသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ထားကြောင်း ကိုယ်တိုင် ခရီးသွားလာခဲ့သူ အသက် ၅၀ ခန့်အရွယ် ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ထို့သို့ သတ်မှတ်ခြင်းသည် စစ်ကောင်စီမှ တရားဝင်စာထုတ်ခြင်းမဟုတ်ပဲ လေယဉ်ကွင်းရောက်မှသာ တားမြစ်ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးကပြောသည်။
“ လေကြောင်းခရီးမှာ မနေ့ကစပြီး ကန့်သတ်လိုက်တယ်။ အသက် ၁၈ နဲ့ ၃၅ ကြား လူငယ်တွေ ရခိုင်ကို လေကြောင်းနဲ့ ပြန်မယ့်သူတွေကို ယာယီပိတ်တယ်။ ခွင့်မပြုဘူးပေါ့။ ပြန်အတက်ရတယ်။ ရခိုင်ကနေ ရန်ကုန်ကို လာလို့ရတယ်။ ရန်ကုန်ကနေပြီး ရခိုင်ကို အဝင်မခံတာလေ”ဟု ဖေဖော်ဝါရီ ၂၅ရက်နေ့ ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့်လိုက်ပါလာ သူတစ်ဦး ကပြောသည်။
လေဆိပ်ရောက်ပြီးမှ လေယာဉ်ပေါ်သို့ တက်ရောက်ရန် လေယာဉ် ကောင်တာတွင် Check in မပြုလုပ်ပေးသဖြင့် လေယာဉ်လက်မှတ်ဖိုး ဆုံးရှုံးသူများရှိနေသည်ဟုလည်း သိရသည်။
လက်ရှိ ရခိုင်သို့ ပြေးဆွဲနေသည့် ရန်ကုန်-သံတွဲ လေကြောင်းလိုင်း၊ ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းနှင့် ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်း ခရီးစဉ်များကို ခွင့်မပြုဟု ဆိုသည်။
“ လက်မှတ်ကတော့ အေးဂျင့် တွေက ရောင်းရင်ရောင်းမှာလေ။ အဲ့ဒါကြောင့်သတိပေးတဲ့ အနေနဲ့ပြော တာ။ အေးဂျင့်ကတော့ ပိုက်ဆံရရင် ရောင်းမှာပဲ။ ရောင်းပြီးလေယာဉ်ကွင်း ရောက်မှသွား လို့မရဘူး ဆိုရင် အားလုံးဆုံးပြီလေ”ဟု အဆိုပါ ခရီးသွားကထပ်ပြောသည်။
စစ်ကောင်စီသည် ရန်ကုန်မှ ရခိုင်သို့ သွားရောက်သည့် ရခိုင်လူမျိုး ခရီးသည်များအားလေကြောင်း ခရီးအပါအဝင် အဝေးပြေးကားများကိုပါ စစ်ဆေး ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မှ ရခိုင်သွားမည့် ခရီးသည်တင်ကား ၃ စီးမှ ခရီးသည်အမျိုးသားအများအပြားကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်း၌ စစ်ကောင်စီမှ ဖမ်းဆီးပြီး ၅ ရက်ကြာအထိ ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စပြီး လေကြောင်းလိုင်းများဖြင့် ရန်ကုန်ကနေ စစ်တွေသို့ ပြန်လာသည့် ခရီးသည် အများအပြားကိုလည်း စစ်တွေလေဆိပ်၊ ကျောက်ဖြူလေဆိပ်၊ သံတွဲလေဆိပ်တို့မှ စောင့်ဖမ်းပြီး လက်ရှိအချိန်ထိ လူအများအပြားကို ဖမ်းဆီးထိန်းသိမ်း ထားဆဲဖြစ်ကြောင်း သိရသည်။ (NN-20)
ပုံ- ကျောက်ဖြူလေဆိပ်
https://www.facebook.com/narinjara.info/posts/802258718607926