By Arakan Bay News / 2024 February 23

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်တပ်ဧရိယာအနီးတွင်ရှိရွာသည့် ကျေးရွာများမှပြည်သူများအား စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်နေကြောင်း AB News က စုံစမ်းသိရှိရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး စစ်ကောင်စီ၏တပ်ပိုင်ဧရိယာနယ်မြေအနီးတွင်ရှိသောကျေးရွာများအပါအဝင် တစ်ခြား စစ်ကောင်စီ၏ဂိတ်များနှင့်နီးစပ်သောရွာများမှ ပြည်သူများကိုလည်း သွားချင်သည့်နေရာသို့သွားဟု နှင်ထုတ်နေခြင်းများရှိနေကြောင်းစုံစမ်းသိရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ရှိသောရွာများဖြစ်သည့် ပဲပဒုံရွာ၊ ဆင်တိုးရွာနှင့် တစ်ခြားသော ရွာများမှ ပြည်သူများကို ရက်ပိုင်းအတွင်း ရွာမှ ထွက်သွားကြရန် စစ်ကောင်စီက နှင်ထုတ်ထားကြောင်း ဒေသခံများက ပြောသည်။
အမ်းမြို့အခြေစိုက် စစ်ဌာနချုပ်အတွင်း မဟာဂန္ဓာရုံ တပ်ဦးကျောင်းအနီးရှိ ဆင်တိုးရွာနှင့် နစက ဂိတ်အနီးရှိ ပဲပဒုံရွာများမှ ပြည်သူများအား စကစတပ်ဖွဲ့ဝင်များသည် ၎င်းရွာသို့ဝင်လာပြီး ပြည်သူများကိုထွက်ပေးရမည်ဟု အတင်းအဓမ္မနှင်ထုတ်နေခြင်းများရှိလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက AB News သို့ ပြောသည်။
“ကျနော်တို့ရွာအနီးမှာရှိတဲ့ စကစတပ်သားတွေက ရွာထဲကိုဝင်လာပြီး အကုန်လုံးထွက်သွားရမယ်လို့ပြောတယ်၊ လမ်းတွေကိုလည်းပိတ်ထားတယ်၊ ဘယ်ကိုသွားရမှန်းတောင်မသိဘူး” ဟုဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် အမ်းမြို့နယ်ရှိ ဇာဓီမော်ရွာ၊ ဘုတ်ချောင်းရွာ၊ ကိုးကန်တန်းရွာ၊ ပတ်ကွေ့ရွာ၊ ဆင်ခုံတိုင်ရွာ၊ ချင်းရွာ၊ ဒိုင်ကြီးရွာ၊ အောက်ရွာ တို့အပါအဝင် အခြားရွာများမှ အသက် ၁၈ နှစ်မှ ၃၀ ကျော်အရွယ်ရှိ လူငယ်များအား ဖမ်းဆီးမှုမှားရှိနေကြောင်း သိရသည်။
ထို့အပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ညတိုင်း ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း အမ်းမြို့ခံများက ပြောသည်။
ယင်းအပြင် တောင်ကုတ်မြို့မတိုက်နယ် စကခ ၅ အရှေ့ဖက် ပေ ၃၀ အကွာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခံစစ်ကိုအခိုင်အမာတည်ဆောက်ရန်အတွက် ကတုတ်ကျင်းများ နှင့် ကာကင်းစခန်းများကို ယမန်နေ့ညက စတင်ပြီး ပြုလုပ်နေလျက်ရှိကြောင်း ဒေသခံများထံမှတဆင့်သိရှိရသည်။
လက်ရှိတွင် အမ်းမြို့နယ် ကဇုကိုင်းတံတားအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲဖြစ်ပွားနေသည့် သတင်းများထွက်ပေါ်နေလျက်ရှိပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် ABN မှ သီခြားအတည်မပြုနိုင်သေးပေ။
https://www.facebook.com/arakanbaynewsinfo/posts/122124217610180219