သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း အသတ်ခံရမှု UNESCO အကြီးအကဲ ရှုတ်ချ

By Western News / 2024 February     24

သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်းကို အာဏာသိမ်း မြန်မာစစ်တပ်က မြေမြှုပ် သတ်ဖြတ်ခဲ့သည့်အတွက် UNESCO အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ကန့်ကွက်ရှုတ်ချလိုက်သည်။

သတင်းထောက် ဖိုးသီဟ သည် ရခိုင်ပြည် မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်း ၅၄၀ တပ်ရင်းတွင် မြေမြှုပ်သတ်ဖြတ်ခံခဲ့ရသည့်အတွက် တရားမျှတမှုရှိစေရန် ကျူးလွန်သူများအား အရေးယူပေးရန် UNESCO အကြီးအကဲ က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“မြတ်သူထွန်း အသတ်ခံရတာကို ရှုတ်ချပါတယ်။ သူသေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကျူးလွန်သူတွေကို တရားမျှတမှု ပေးဆောင်ဖို့ တိုက်တွန်းပါတယ်။ ပြည်သူလူထုထံ ယုံကြည်စိတ်ချရသော သတင်းအချက်အလတ်များကို ယူဆောင်လာရာတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်သည့် သတင်းထောက်များအပေါ် ရာဇ၀တ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရပါ ” ဟု ပြောသည်။

UNESCO သည် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် သတင်းထောက်များ၏ ဘေးကင်းရေးဆိုင်ရာ ကုလသမဂ္ဂ အရေးယူဆောင်ရွက်မှု အစီအစဉ်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကိစ္စရပ်တို့ကို အကောင်အထည်ဖော်ခြင်းဖြင့် ဂျာနယ်လစ်များ၏ ဘေးကင်းရေးကို မြှင့်တင်ပေးကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကကိုမြတ်သူထွန်း သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့နှင့် မြန်မာစစ်ကောင်စီ၏ ယင်းသတ်ဖြတ်မှုများကို ဖိအားပေးဟန့်တားရန် နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း သတင်းထောက် ဖိုးသီဟ အား သတ်ဖြတ်ခဲ့သည့် မြန်မာစစ်တပ်မှ ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပေးရန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်းဆိုခဲ့သည်။

CPJ ၏ အကြီးတန်း အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က “သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ် ” ဟု ပြောသည်။

၂၀၂၁ ခုနှစ် ဒီမိုကရေစီဆိုင်းငံ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် အပြစ်ပေးခံရခြင်း ယဉ်ကျေးမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ပြီး စစ်အစိုးရက သတ်ဖြတ်ခြင်းကိုရပ်ကာ သတင်းထောက်များအား အကာအကွယ်ပေးရမည်ဟု Shawn Crispin က တောင်းဆိုထားသည်။

သတင်းထောက် ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည် မြောက်ဦးမြို့ရှိ ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) ပုဒ်မဖြင့် တရားစွဲဆိုကာ မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းခဲ့သည်။

သို့သော်လည်း မြောက်ဦးမြို့ရဲစခန်းအား ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အချုပ်ရှိအကျဉ်းသားများအား ၅၄၀ တပ်ရင်းသို့ ခေါ်ယူသွားခဲ့သည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ ၅၄၀ တပ်ရင်းအပါအဝင် မြောက်ဦးမြို့ရှိ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်းတို့ကို AA မှ တိုက်ခိုက်သိမ်းပိုက်ရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သားများသည် အကျဉ်းသားများကို ၃၇၈ တပ်ရင်း၌ ရက်စက်စွာ မြေမြှုပ်သတ်ပစ်ခဲ့ကြသည်။

အမည်မဖော်လိုသည့် ရခိုင်သတင်းထောက်တစ်ဦးက “စစ်ကောင်စီတပ်သားတွေက တပ်ရင်းတွေ ဆုံးရှုံးရတော့မယ့်အချိန်မှာ အကျဉ်းသားတွေကို အငြိုးထားကာ ရက်ရက်စက်စက် မြေမြှုပ်သတ်ပစ်ခဲ့တာဖြစ်တယ်။ အဲဒီအထဲမှာ သတင်းသမားလည်းပါတယ်။ ဒီစစ်ရာဇဝတ်ကျူးလွန်မှုတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ နိုင်ငံတကာနဲ့ ကမ္ဘာ့တစ်ဝှမ်း သတင်းသမားတွေကို တောင်းဆိုပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများမှ ၃၇၈ တပ်ရင်း၌ မြေမြှုပ်သတ်ပစ်ခဲ့သော အကျဉ်းသား ၇ ဦးရှိပြီး ၎င်းတို့မှာ သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်း၊ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့ ဖြစ်သည်။

သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းသည် DVB၊ 7Day News၊ DMG သတင်းစာနှင့် ပိတ်ပင်ခံထားရသော The Voice သတင်းစာတို့တွင် ရခိုင်ပြည်သတင်းများကို ရေးသားထုတ်ဝေခဲ့ပြီး Western News သတင်းဌာနတွင် အဖမ်းမခံရမီ လုပ်ကိုင်ခဲ့သည်။

သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပေးရန် CPJ က စစ်ကောင်စီ၏ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနအား အီးမေးလ်ပေးပို့ တောင်းဆိုခဲ့သော်လည်း ချက်ချင်း တုန့်ပြန်ခြင်းမရှိကြောင်း CPJ က ထုတ်ပြန်ထားသည်။ 

CPJ ၏ နောက်ဆုံးထုတ် Global Impunity Index တွင် မြန်မာနိုင်ငံသည် ဂျာနယ်လစ်များကို သတ်ဖြတ်လေ့ရှိပြီး လူသတ်မှုနှင့် ကင်းကွာလေ့ရှိသည့် နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၉ နေရာတွင် ရှိနေသည်။

CPJ ၏ ၂၀၂၃ စစ်တမ်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များ၏ ဒုတိယအဆိုးရွားဆုံး အကျဉ်းစံနိုင်ငံလည်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/843905171082244

Leave a Reply

Your email address will not be published.