ရမ်းဗြဲမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးတဲ့ နေအိမ် ၆၀ ကျော်ရှိလာ

By RFA / 2024 February    6

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည့် ရမ်းဗြဲမြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့  တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ် ခြောက်ဆယ်ကျော် ရှိလာပြီလို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ရမ်းဗြဲမြို့၊ ကင်းတဲရပ်ကွက်မှာ နေအိမ် နှစ်ဆယ်ကျော်၊ အောင်ဆိပ်ရပ်ကွက်မှာ နေအိမ် ၁၅ လုံး၊ လောင်းချောင်း ရပ်ကွက်မှာ နေအိမ် နှစ်ဆယ်ကျော်နဲ့ ရွှေဆုံးရပ်ကွက်မှာ နေအိမ် ရှစ်လုံး စုစုပေါင်း ခြောက်ဆယ်ကျော် မီးလောင်ပျက်စီးသွားတာပါ။

အဲဒီနေအိမ်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတာလို့ ရမ်းဗြဲမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“နေအိမ်တွေ အဓိကပျက်စီးတာက လေကြောင်းပစ်ခတ်မှုကြောင့်ပါ။ တိုက်ပွဲဖြစ်ပြီဆိုရင် မြို့ထဲကို လေယာဉ်နဲ့ ဗုံးလာကြဲပါတယ်။ တိုက်ပွဲလည်း နေ့တိုင်းလိုလိုဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာလည်းရှိပါတယ်။ ရမ်းဗြဲမြို့ သိပ်တောင်ဘုရားကုန်းမှာ စစ်သား ခြောက်ဆယ်လောက် ရှိမယ်ထင်ပါတယ်။ အဲဒါကို AA က တိုက်ခိုက်နေတာပါ”

ဖေဖော်ဝါရီ ၅ ရက်မနေ့ကလည်း ရမ်းဗြဲမြို့နဲ့ ရှစ်မိုင်အကွာ ပြင်ချောင်းကြီးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ ရေတပ်က လက်နက်ကြီး အလုံးနှစ်ဆယ်လောက်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အနီးအနားမှာရှိတဲ့ ရွာတွေကဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ရမ်းဗြဲမြို့ခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူဦးရေ တစ်သောင်းကျော် မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ရမ်းဗြဲမြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရမ်းဗြဲမြို့မှာ နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်နဲ့ မြို့ရွာတွေကို လေကြောင်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

_________

https://www.facebook.com/rfaburmese/posts/796644289163642

Leave a Reply

Your email address will not be published.