By Narinjara / 2024 February 24

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေက ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျက်သရေ ကျေးရွာကို ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၂၀ ကျော် အရွယ် တက္ကသိုလ် ကျောင်းသား တစ်ဦး သေဆုံးပြီး သူ၏ ဖခင်ဖြစ်သူနှင့်နောက်ထပ် ကျေးရွာသားတစ်ဦးတို့မှာ ပြင်းထန် ဒဏ်ရာ ရရှိသွာခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် တောင်ကုတ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်ဖြိုးစံအောင်ဖြစ်ပြီး သူ၏ ဖခင်ဖြစ်သူ ဦးဝင်းနုအောင်နှင့် ရွာသားတစ်ဦးဖြစ်သူ ကိုဆန်းဌေးတို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာသား တစ်ဦး ပြောသည်။
၎င်းပြင် ဒေါ်ယောင်းစိန်မအိမ်နှင့် ကိုကျော်ကျော်လွင်တို့ အိမ်နှစ်ဆောင်စလုံးမှာ မီးလောင် ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။
“ စစ်လေယာဉ်နဲ့ ရွာကို လာပြီး ဗုံးကြဲပါတယ်။ တိုက်ပွဲလည်းဖြစ်ပွားတာမရှိပါဘူး။ တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့အတွက် ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေးနေတဲ့ အချိန်မှာ ဗုံးလာကြဲတာပါ။ အချိန်ကတော့ ည ၅ နာရီ ၆ နာရီ ဝန်းကျင်ရှိပါမယ်” ဟု ၎င်းက ပြောကြားသည်။
မောင်ဖြိုးစံအောင်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားသလို ၎င်း၏ ဖခင် ဦးဝင်းနုအောင်နှင့် ကိုဆန်းဌေးတို့မှာ ပြင်းထန်စွာဒဏ်ရာ ရရှိသွားသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ မနေ့ကလည်း ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
ဓာတ်ပုံ- ပေးပို့
https://www.facebook.com/narinjara.info/posts/801620555338409