ရန်ကုန်မှ ရခိုင်သို့ သွားသည့် ရခိုင်လူမျိုး ၁၀၀ ကျော် ရွှေပြည်သာတွင် ဖမ်းဆီးခံရ

(စစ်ကောင်စီက လှိုင်သာယာ တပ်မ ၅ တွင် စစ်ဆေးနေဟုသိရ)

By Western News / 2024 February     25

ပုံစာ – စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံများအားတွေ့ရစဉ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်လူမျိုး ၁၀၀ ကျော်ကို ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ ပြန်မလွှတ်ပေးသေးကြောင်း မိသားစုဝင်များက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ရခိုင်ပြည်သို့ ကား ၃ စီးထွက်ခွာလာစဉ် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးသည်တင်သည် ကား ၃ စီးမှာ အောင်စစ်ခိုင်ကား နှစ်စီး၊ ပွင့်ဖြူကား တစ်စီးဟု သိရပြီး အမျိုးသမီး၊ အမျိုးသား ၁၀၀ ကျော်ပါဝင်ကာ အားလုံးသည် ရခိုင်ပြန်ကြသည့် ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း Western News မှ စုံစမ်းသိရှိရသည်။ 

ဖမ်းဆီးခံရသည့် အများစုမှာ အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး တောင်ကုတ်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များက ဖြစ်ပြီး အမျိုးသားများ အများဆုံး ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံစာရင်း ၁၀၀ ကျော်ထဲက ၁၄ ဦးစာရင်းကို နာမည်နှင့်တစ်ကွ Western News မှ ရရှိထားပြီး ၎င်းတို့မှာ မြေပုံမြို့နယ် ယောချောင်းရွာသာယာ ကျေးရွာမှ လူငယ်များဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ ရဲဝင်းလှိုင်၊ ဖြိုးထူးစံ၊ ဘိုစောဟိန်း၊ ဦးဝင်းကျော်၊ စုလင်းရွှေ၊ စိုးမြင့်အောင်၊ အေးချမ်းတင်၊ အေးဆန်းဝင်း၊ ချိုချိုသန်း၊ မိုးထက်သူ၊ ချစ်ဆန်းခင်၊ ဖြူဖြူစိုး၊ အေးသီတာ၊ ခင်သန်းနွယ်တို့ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း ရဲဝင်းလှိုင်၏ ဖခင် ဦးဘတင်က ပြောသည်။

“၂၀ ရက်နေ့ကနေ စစ်ကောင်စီက ဖမ်းသွားတာ။ အခုထိ အဆက်အသွယ် မရသေးဘူး။ သားကို ဖုန်းဆက်ရင်လည်း ဖုန်းကဝင်တယ်။ မကိုင်ဘူး။ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး။ ကျနော်တို့ စုံစမ်းရသလောက် လှိုင်သာယာ တပ်မ ၅ မှာ ကလေးတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကလေးတွေနဲ့ စကားပြောနိုင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစဉ် ကား ၃ စီးကို တစ်ခါတည်း တပ်ထဲသို့ ခေါ်ယူသွားခြင်းဖြစ်ပြီး အဆိုပါ ခရီးသည် ရခိုင်တိုင်းသား ၁၀၀ ကျော်ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တပ်မ ၅ ၌ ထိန်းသိမ်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲမှ မချိုချိုသန်း မိခင်ဖြစ်သူက ” ကျမတို့ ကလေးတွေအတွက် အရမ်းစိတ်ပူပါတယ်။ သူတို့က ရန်ကုန်မှာ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်နေကြတာပါ။ ရန်ကုန်မှာ အခြေအနေမကောင်းတော့လို့ ရခိုင်ကို ပြန်လာဖို့ ခေါ်ချတာပါ။ သမီးလေးက အပျိုလေးပါ။ တစ်ခုခု ဖြစ်သွားမှာကို အရမ်းစိုးရိမ်နေပါတယ်။ ပြန်လွှတ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ကူညီပေးနိုင်သူများ ကူညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ မိသားစုဝင်များမှာ အာဏာသိမ်း စစ်ကောင်စီမှ အဆက်အသွယ် လုပ်လာမည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ငွေကြေးဖြင့် ပြန်ရွေးပါဆိုလျှင်လည်း ငွေကြေးပေးမည်ဟု မြေပုံမြို့နယ် ယောချောင်းရွာသာယာမှ မိသားစုဝင်များက ပြောဆိုနေကြသည်။

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသော ၁၀၀ ကျော်မှာ နိုင်ငံရေးနှင့်ဆက်စပ်ဆောင်ရွက်သူ တစ်ယောက်မှ ပါဝင်ခြင်းမရှိဘဲ အများစုက ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေကြသော လူငယ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်ကလည်း ရွှေပြည်သာ ထန်းခြောက်ပင်ရပ်ကွက်တွင် အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားကာ အရပ်ပေစံချိန်မမီ၍ တစ်ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

ကျန် အမျိုးသမီး ၄ ဦးမှာ ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းနှင့် ၎င်းတို့မှာ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့က ဖြစ်ကြသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညကလည်း ရခိုင်ကိုပြန်သည့် လူ ၂၀ ကျော် ပဲခူးတိုင်း၊ ပြည်မြို့ရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်နေစဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယခုအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်တွင်ရှိနေသော ရခိုင်တိုင်းရင်းသားလူငယ်များကို အဓိက ဦးတည်ဖမ်းဆီးလျှက်ရှိနေပြီး ရန်ကုန်လေဆိပ်တွင်လည်း ရခိုင်ပြန်ကြမည့် အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အတွင်းရှိ ရခိုင်လူငယ်များကို သွားလာခွင့်ပိတ်ပင်နေကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/844664814339613

Leave a Reply

Your email address will not be published.