ရခိုင်အရေး ရေရှည်တည်ငြိမ်အောင် ဆောင်ရွက်ရမယ့်အချိန်

By DMG / 2024 February           5

[ဘင်္ဂလားဒေ့ရှ်သတင်းဌာန The Daily Star တွင် ဖော်ပြထားသည့် အတွေးအမြင်ဆောင်းပါး ဖြစ်ပါသည်။ ဆောင်းပါးပါ အသုံးအနှုန်းများနှင့် သဘောထားအမြင်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။]

နယ်စပ်တစ်ဘက်ရှိ မြန်မာနိုင်ငံတွင်း၌ ထိတ်လန့်စိုးရွံ့ဖွယ်ရာ အခြေအနေကြီး ပိုမိုဆိုးဝါးလာချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ဘက်မှ လတ်တလော အကြမ်းဖက်မှုများနှင့် ပြည်တွင်းစစ်မီးကြီး ကူးစက်မလာအောင် ကာကွယ်ရေးအတွက် သတိအနေအထားဖြင့် ရှိနေရသည်။

ဒုက္ခသည်များနေရပ်ပြန်ရေး မစတင်မီ လက်ရှိအချိန်၌ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အဓိက ဦးစားပေးရမည့် အချက်မှာ ရခိုင်ဒေသ တည်ငြိမ်ရေးအတွက် အဓိပ္ပာယ်ရှိသည့် ဗဟာဗျူဟာနှင့် သံတမန်လမ်းကြောင်းများ ရှာဖွေရန် ဖြစ်သည်။ ဤအကျပ်အတည်းကြီးအတွက် ခိုင်မာပြတ်သားသည့် ဖြေရှင်းမှု တစ်ခုခု မြန်မာတပ်မတော်ဘက်က ဆောင်ရွက်သည်မျိုး ယခုအထိ မတွေ့မြင်ရသေးပေ။ တပ်မတော်သည် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် စစ်မှန်သည့် ကတိကဝတ်များလည်း မပြနိုင်သေးပေ။

ရက္ခိုင့်တပ်တော် (အေအေ) ကတော့ ပြည်နယ်၏ ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဖြစ်ရာ လာမည့်လများအတွင်း ရခိုင်ဒေသ အုပ်ချုပ်ရေးနှင့် လူမှုအဖွဲ့အစည်းအတွက် အဓိကနေရာတွင် ရှိနေဦးမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်နေရပ်ပြန်ရေး မျှော်မှန်းချက်များအား အေအေကိုချန်လှပ်ပြီး အကောင်အထည် ဖော်ရန်မှာ ခက်ခဲမည်ဖြစ်သည်။

သို့အတွက်ကြောင့် ရခိုင်ဒေသ တည်ငြိမ်အောင် ဆောင်ရွက်မည် ဆိုလျှင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကိုလည်း ထည့်သွင်းစဉ်းစားရန်၊ တပ်မတော်၏ ရန်စသည့်အပြုအမူများကို တားမြစ်ရန်တို့မှာ အလွန်အရေးကြီးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း နောက်ထပ် တည့်သွင်းစဉ်းစားရမည့် အကြောင်းတစ်ရပ် ဖြစ်သည်။ NUG သည် ရခိုင်တည်ငြိမ်ရေးအပြင် အခြားကိစ္စရပ်များအတွက်ပါ လက်တွေ့ကျသည့် ကြားခံလမ်းကြောင်းအဖြစ် ဆောင်ရွက်နိုင်မည့်အလားအလာ ရှိနေသည်။

မြန်မာစစ်တပ်သည် အားနည်းလာနေပြီး ရခိုင်တွင် နယ်မြေများ ဆုံးရှုံးလျက်ရှိသည်ကို  လတ်တလောဖြစ်ပျက်နေသည့် ပဋိပက္ခက ညွှန်ပြနေသည်။ သို့စေကာမူ တပ်မတော်သည် ဗမာပြည်မတွင်တော့ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိနေဦးမည် ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ဦးမည် ဖြစ်သည်။

ဒုက္ခသည်နေရပ်ပြန်ရေး ကိစ္စတွင် တပ်မတော်သည် ဘေဂျင်း၏ အကူအညီ၊ ဘင်္ဂလားဒေ့ရှ်၏ ကတိကဝတ်များ ရှိထားသည့်ကြားက သုံးနိုင်ငံဆွေးနွေးမှုများအပေါ် ထပ်တလဲလဲ မထီမဲ့မြင် ပြုလျက်ရှိသည်။

ရခိုင်သည် ဒါကာနှင့်ဘေဂျင်းတို့၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည်ဖြစ်ရာ အဆိုပါနိုင်ငံများအနေဖြင့် ယခုအချိန်တွင် ရခိုင်အရေးနှင့် ပတ်သက်၍ စတင်ဆွေးနွေးသင့်ပြီဖြစ်သည်။ ဒါကာ အနေနှင့်တော့ ရခိုင်အရေးကို အဆုံးသတ်နိုင်ရေးအတွက် ဘန်ကောက်၊ တိုကျို၊ ဝါရှင်တန် (Burma Act ဥပဒေနှင့် ဆက်စပ်၍)၊ ဥရောပအင်အားကြီး အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သင့်သည်။

ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဂလိုဘယ်ပါဝါ တစ်ခုတည်းအပေါ်တွင် အမှီအခိုပြုကာ အလျဉ်းသင့်သလို ဆောင်ရွက်သည့် သံခင်းတမန်ခင်း နည်းလမ်းများဖြင့်သာ ဤအရေးအပေါ် အီလေးဆွဲနေမည် ဆိုပါက မဟာဗျူဟာအမှားတစ်ရပ်သာ ဖြစ်နေပါလိမ့်မည်။ ဒုက္ခသည် ပြန်လည်နေရာချထားရေး ကိစ္စရပ်တစ်ခုတည်းထက် ကျော်လွန်၍ ပိုမိုကြီးမားသည့် ရည်မှန်းချက်တစ်ရပ်ဖြင့် နိုင်ငံရေးမဟာဗျူဟာတစ်ရပ် ချမှတ်ရန် လိုအပ်သည်။

ဤပဋိပက္ခကို ဖြေရှင်းရာတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များ၊ ထောက်လှမ်းရေး အသိုင်းအဝိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ ပြောလိုသည်မှာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော်လုံခြုံရေးကို ပင်မဦးစားပေးအဖြစ်ထားကာ ကမ္ဘာ့နိုင်ငံများနှင့်အတူ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် သံတမန်ရေးရာတို့ကို  စူးစမ်းလေ့လာသင့်သည်ဟု ဆိုလိုရင်းဖြစ်သည်။

မြန်မာအပေါ် ဘက်ပေါင်းစုံက ထိထိရောက်ရောက် တုံ့ပြန်ရာ၌ သက်ဆိုင်ရာအင်အားစုများ၏ အသံမျိုးစုံကို ဖော်ထုတ်ရာတွင် ကုလသမဂ္ဂ အဖွဲ့ကြီးသည်လည်း အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါလိမ့်မည်။

ကမ္ဘာ့ပါဝါများနှင့် သက်ဆိုင်ရာအင်အားစုများကသာ မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ခြင်း မပြုလျှင် ဤပဋိပက္ခသည် ဒေသတွင်းနိုင်ငံများ၏ တည်ငြိမ်မှုအား ပျက်ပြားစေလိမ့်မည် ဆိုသည်ကို ဆောင်းပါးရှင်အနေဖြင့် မှတ်ချက်ပြု ပြောကြားလိုပါသည်။

သို့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေဖြင့် ပထဝီနိုင်ငံရေး အန္တရာယ်များအပေါ် အလွန်အမင်း တွက်ချက်ဆင်ခြင်နေမည့်အစား မိမိနိုင်ငံ၏ ဦးစားပေး ကိစ္စရပ်များအပေါ် အခြေခံကာ နိုင်ငံရေးနှင့် မဟာဗျူဟာဆိုင်ရာ တုံ့ပြန်မှုများ ကြံဆဆောင်ရွက်ရန် အထူးအရေးကြီးနေပြီဖြစ်သည်။

တပ်မတော်၏ ဆက်လက်ရှင်သန်ရေးဗျူဟာကြောင့် အိမ်နီးချင်းနိုင်ငံများ မငြိမ်မသက် ဖြစ်ရမည်၊ တပ်မတော်ကို လက်ဆုပ်လက်ကိုင်မရ မှန်းမကျ ဖြစ်ရမည်မှာ အသေအချာပင် ဖြစ်သည်။ နောက်ဆုံးတွင် အင်အားကြီးနိုင်ငံများသည်လည်း ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားများ အတွက်သာ တွက်ချက်ကြမည် ဖြစ်သည်။ သို့စေကာမူ ဘင်္ဂလားဒေ့ရှ် အတွက်ကတော့ ဒေသတွင်း၌ ငြိမ်းချမ်းသည့်နိုင်ငံတစ်ခုအဖြစ် ဦးဆောင်နိုင်ရန် အလားအလာရှိသည့် ယုံကြည်ရသော နိုင်ငံတစ်ခုအဖြစ် ကျင့်ကြံရမည်ဖြစ်သည်။ ဒေသတွင်း၌ မည်သည့်နိုင်ငံကမှ ဘင်္ဂလားဒေ့ရှ် ကြုံတွေ့ခဲ့ရသည့် ၂၀၁၇ သြဂုတ်လအတွင်း ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ဝင်ရောက်ခိုလှုံမှုကြီးကဲ့သို့ ခါးသီးသောအတွေ့အကြုံမျိုး ရှိကြသည်မဟုတ်ပေ။ သမိုင်းကို မမေ့ဖို့ လိုပါသည်။

ဘင်္ဂလားဒေ့ရှ်မီဒီယာ The Daily Star တွင် ဖော်ပြထားသည့် Time to stabilise Rakhine for good ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် ရှာဟက်အီနမ်ခန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျာဟန်ဂါနဂါတက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးဌာန၏ ပါမောက္ခဖြစ်သည်။

ပုံစာ – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ပြေးဝင်လာကြသည့် မြန်မာစစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ ပြေးဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်သည် ဖေဖော်ဝါရီလ ၅ ရက် တနင်္လာနေ့ နံနက်ပိုင်းအထိ ၉၅ ဦးထက်မနည်း ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။ ဓာတ်ပုံ – BDNews 24

https://www.facebook.com/dmgnewsagency/posts/pfbid024aUJ9QFMK4JxQGrXycYG8zC4Wp3pJZWvyAn849z3DXPwNYTFUAJfH3AhZSGxZfo1l

https://www.facebook.com/dmgnewsagency/posts/780280364145562

Leave a Reply

Your email address will not be published.