ရက္ခိတလမ်းစဉ် ပြည့်မြောက်ရန်မျှော်လင့်ချက်များ ပိုမို ပီပြင်လာပြီဟု AA စစ်ဦးစီးချုပ်ပြော (ရခိုင်ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုဆို)

By Western News / 2024 February     2

လက်ရှိအချိန်တွင် ရက္ခိတလမ်းစဥ် ပြည့်မြောက်ရန် မျှော်လင့်ချက်များမှာ ပိုမိုပီပြင်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘီဘီစီမြန်မာပိုင်းနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတွင် ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA စတင်ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများကို AA ဆက်တိုက်သိမ်းပိုက်လာပြီး ပလက်ဝ တစ်ခုလုံးကိုလည်း သိမ်းပိုက်ထားသည်။

အဆိုပါ ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုတစ်ချီတွင် ရက္ခိတလမ်းစဉ် ပြည့်မြောက်ရန်မျှော်လင့်ချက်များ ပိုမိုပီပြင်လာပြီဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

“အရမ်းအခက်ခဲဆုံးအချိန်မှာတောင်မှ ကျနော်တို့ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီလိုအချိန်မှာဆိုရင် မျှော်လင့်ချက်တွေက ပိုပြီးတော့မှ နီးကပ်တယ်။ အရင်ထက်ပိုပြီးတော့မှ ပီပြင်တယ်။ စစ်မြေပြင်မှာ ဒုက္ခတွေကို ခါးစည်းခံနေတဲ့ ပြည်သူတွေကိုယ်တိုင်က ငါတို့အိမ်တော့ မီးလောင်သွားပြီ၊ ငါတို့တစ်ရပ်ကွက်လုံးလည်း ရန်သူတွေက မီးရှို့ပစ်လိုက်ပြီ ။ ဒါကြောင့်အပစ်မရပ်ဖို့ပဲလိုတယ်။ လွတ်မြောက်ရေး ရရင်ပြီးပြီ၊ တိုက်စရာရှိတာကိုတိုက်ကြပါဆိုပြီး စည်းစည်းလုံးလုံးနဲ့ အင်အားပြည့် ရပ်တည်နေတဲ့ကာလဆိုတော့ အရင်ထက်စာရင် မျှော်လင့်ချက်တွေအများကြီးရှိတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အရင်ထက်ပိုပြီး ခွန်အားတွေစိုက်ပြီးတော့ ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ် “ဟု ပြောဆိုသည်။

ထို့အပြင် ရက္ခိတအိမ်မက်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သီးသန့်ဖြစ်တည်သော ရက္ခိုင့်အချုပ်ခြာအာဏာကို ပြန်လည်ကြေညာခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်လားဟု မေးမြန်းရာတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုအချိန်တွင် လွတ်လပ်ရေးကြေညာမည်ဟု ယခင်က ပြောဆိုထားခြင်းမရှိကြောင်းနှင့် လက်ရှိတွင်လည်း အစီစဥ်မရှိသေးကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိတွင်ကြေညာရန်အစီအစဉ်မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်း ၇၀အတွင်း ဗမာစစ်တပ်မှ ဦးဆောင်ပြီး အခြားသောပုံမှန်ယူဆထားသည့် လမ်းကြောင်းအတိုင်းသာ သွားမည်ဆိုပါက မိမိတို့ လိုချင်သော အတိုင်းအတာကိုပြည်မှီနိုင်မည်မဟုတ်သည်ကို သိရှိထားကြောင်း ဆိုသည်။

ဆက်လက်၍ မိမိတို့လိုချင်သော ရသင့်သည့် အတိုင်းအတာကို မရရှိပါက တခြားသော စဉ်းစားမှုများလည်း ရှိလာနိုင်ပြီး မိမိတို့အနေဖြင့်လည်း ထိုအရာအား မိမိအနေဖြင့်လည်း ပါးစပ်ဖြင့်ပြောနေခြင်းထက် ရှိနေသောအခြေခံအင်အားများကို အကောင်းဆုံးတည်ဆောက်ကာ ပြောသင့်ပြောထိုက်ချိန်တွင် လက်တွေ့ကျကျ ဆွေးနွေးဆောင်ရွက်သွားရန်စဥ်းစားထားကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ရခိုင်တွင် မည်သည့် အတိုင်းအတာအထိ နယ်မြေစိုးမိုးထားနိုင်စွမ်းနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တစ်ချို့ကိစ္စတွေကတော့ ကျနော်တို့ ဖော်မပြောသေးတာတွေလည်းရှိပါတယ်။ သို့သော် စစ်ရေးအရတော့ ရခိုင်ဒေသတစ်ခုလုံးကို ကျွန်တော်တို့ နဂိုသတ်မှတ်ထားတဲ့အတိုင်း ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား ရခိုင်တွင် တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုအရှိန်မြင့်လာပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ထို့အပြင် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် စစ်ကောင်စီက ရခိုင်ပြည်အတွင်းအပါအဝင် ပြည်မနှင့် ကုန်လမ်း၊ ရေလမ်းများကို ပိတ်ထားလိုက်ပြီး ရခိုင်ပြည်အတွင်း အင်တာနက်၊ ဖုန်းလိုင်းများကို လည်း လက်ရှိအချိန် အထိ စစ်ကောင်စီက ဖြတ်တောက်ထားသည်။

https://www.facebook.com/westernnewsagency/posts/829945835811511

Leave a Reply

Your email address will not be published.