မြောက်ဦး (သို့မဟုတ်) နှလုံးသားထဲက ရှင်သန်နေတဲ့မြို့

By Narinjara / 2024 February     9

ရေးသားသူ- ဘုန်းစည်သူ

ရခိုင်ပြည် မင်းနေပြည်မြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ တစ်လကျော်ကြာ အာရက္ခစစ်သည်တော်ရဲ့ အသက်သွေးချွေးတွေ ရင်းနှီးပေးဆပ်ပြီး ကျားကုတ်ကျားခဲ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မှာ မြောက်ဦးမြို့တစ်ခုလုံးကို သိမ်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၁၇၈၅ ခုနှစ် ရက္ခိုင့်ထီးနန်း ကျဆုံးပြီးတဲ့နောက် နှစ်ပေါင်း ၂၀၀ ကျော်အကြာမှာ အာရက္ခစစ်သည်တော်တွေက မြောက်ဦးမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုလို မြောက်ဦးမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ သာမာန် အောင်ပွဲတစ် တစ်ရပ်တော့ မဟုတ်ပါဘူး။ ကြီးကျယ်ခန်းနားတဲ့ သမိုင်းဝင်အောင်ပွဲ တစ်ရပ်ဖြစ်သလို ရာဇဝင်နေ့ရက်များထဲက သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်တဲ့ အောင်ပွဲနေ့လည်း ဖြစ်ပါတယ်။ မြောက်ဦးဆိုတာကလည်း ရခိုင်တစ်မျိုးသားလုံးတန်ဖိုးထားရာ ရှေးဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေ ရှင်သန် ပူးကပ်နေတဲ့ မြို့တော်တစ်ခုပဲ မဟုတ်ပါလား။

ရခိုင်ပြည်က မင်းနေမြို့တော်ဟောင်း မြောက်ဦးရဲ့ အကြောင်းကို မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ ညီနောင်သွေးချင်း တိုင်းရင်းသားတွေအနေနဲ့ ကြာဖူးကောင်းကြားဖူးကြပေမယ့် မြောက်ဦး ရာဇဝင်သမိုင်းကိုတော့ ကျယ်ကျယ်ပြန့်ပြန့် သိရှိသူနည်းပါးပါလိမ့်မယ်။ မြောက်ဦးဆိုတာ ရခိုင်ဘုရင်တွေ နောက်ဆုံးနန်းစိုက်ခဲ့တဲ့ မင်းနေမြို့တော်ဟောင်းတစ်ခုဖြစ်ပါတယ်။ မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင်မင်းစောမွန်က အေဒီ ၁၄၃၀ တည်ထောင်ခဲ့ပြီး မဟာသမ္မတရာဇာ မင်းလက်ထက် အေဒီ ၁၇၈၅ ခုနှစ် အထိ နှစ်ပေါင်း (၃၅၅) နှစ် တည်တံ့ခဲ့တဲ့ မင်းနေမြို့တော် တစ်ခုလည်း ဖြစ်ပါတယ်။ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက် ထီးနန်းဆက်ခံခဲ့ပါတယ်။ ၁၇၈၅ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ တပ်တွေက ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့အတွက် မြောက်ဦးမြို့တော်ကျဆုံးခဲ့ရပါတယ်။ နှစ်ပေါင်း ၃၅၀ ကျော် နန်းသက်ရှည်ခဲ့တဲ့ မြို့ဆိုတာ ကမ္ဘာ့ သမိုင်းရာဇဝင်မှာ ရှားပါးလှပါတယ်။ အဲဒီတုန်းက မြောက်ဦးမြို့ဟာ ချမ်းသာကြွယ်၀ပြီး အာရှတိုက်ရဲ့ အချမ်းသာဆုံး (၁၀) နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။ ရေလမ်းကို အဓိကထားပြီး ကုန်သွယ်ကြရာမှာ မြောက်ဦးမြို့တော်ဟာ အရှေ့အနောက်ကုန်သွယ်ရေး လမ်းပေါ်မှာ တည်ရှိခဲ့တဲ့အတွက် ဥရောပ၊ အာရပ်၊ တရုတ်၊ အိန္ဒိယ၊ မလေးလူမျိုး ကုန်သည်တွေ ဝင်ထွက်မစဲ သွားလာခဲ့တဲ့ မြို့တော် တစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့ထိ ဒက်ချ် (နယ်သာလန်) ကုန်တိုက်အဆောက်အဦးဟောင်းကို မြောက်ဦးမြို့မှာ တွေ့ရှိနိုင်ပါသေးတယ်။ မြောက်ဦးခေတ်ဟာ ရခိုင်သမိုင်းမှာ အတိုးတက်ဆုံး၊ စည်ပင်ဖွံ့ဖြိုးဆုံး ခေတ်လည်း ဖြစ်ပါတယ်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကို ခပ်နှိပ်အသုံးပြုခဲ့သလို စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဂီတ၊ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ မြောက်ဦးမြို့တော်တဝိုက် လက်ရှိ တည်ရှိနေတဲ့ မြောက်မြားလှစွာသော စေတီပုထိုး၊ ကျုံးရိုး မြို့ရိုး၊ တံတိုင်း၊ မြို့ဝင်ထွက် တံခါး၊ ပြအိုး၊ ပစ္စင်၊ သူရဲပြေးတွေကို ကြည့်ရင် ရခိုင်တို့ရဲ့ မြောက်ဦးခေတ်ဟာ ဘယ်လောက်ထိ တိုးတက်ခဲ့သလဲဆိုတာကို  သိနိုင်ပါတယ်။

ရခိုင်သမိုင်းဆရာ ဆရာထွန်းရွှေခိုင်ကတော့ “မြောက်ဦးမြို့တော်အကြောင်း” ကို ခုလို ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

“ အဆောက်အဦးများကို စီရရီ၊ သာမောဘွယ် ရှုမြင်နိုင်ပေသည်။ မြောက်ဦးမြို့တော်သို့ ရောက်ဖူးကြသော ဥရောပတိုက်သားများအဖို့ မြောက်ဦးမြို့တော်အား “ရွှေမြို့တော်” (The Golden City) ဟူ၍လည်းကောင်း၊ “စေတီပုထိုးမြို့တော်”(Land of Pagodas) ဟူ၍လည်းကောင်း ခေါ်ဆို ကင်းပွန်းတပ်ကြသည်။ ဂုဏ်ပြုကြသည်။ စာပေမှတ်တမ်းလည်း တင်ကြသည်။ မြောက်ဦးမြို့တော်သို့ ရောက်ဖူးသော သူများအဖို့ ဤအချက်ကို အံ့ဩမိကြမည်မဟုတ်ပါချေ။ ထိုခေတ် ထိုအခါက မြောက်ဦးမြို့တော်သူ မြို့တော်သားများ အဖို့၊ အမှန်ပင် ဂုဏ်ဝင့်နိုင်ခဲ့ကြပေသည်။ မြောက်ဦး မြို့တော်သား ဖြစ်ရသည်ကို ဂုဏ်ယူလို့မဆုံး အကျေနပ်ကြီး ကျေနပ်ခဲ့ကြပေသည်။ မြောက်ဦး မြို့တော်၏ အတိတ်သမိုင်းကြောင်း နောက်ခံသည် ဤအချက်ကို မီးမောင်းထိုးပြသည့် အလား မြင်သာထင်သာရှိသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တော်ကို မင်းစောမွန် တည်ထောင်ခဲ့သည်။ မြောက်ဦးဟူသောအမည်ဖြင့် မြောက်ဦးနန်းဆက်သမိုင်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ အေဒီ ၁၇၈၅-ခုနှစ်ထိ နှစ်ပေါင်း ၃၅၅နှစ်တာမျှ ကြွယ်ဝချမ်းသာစွာဖြင့် အခြေတည်တံ့ခဲ့သည်။ မြောက်ဦးမတိုင်မီ ထွန်းကားခဲ့သော ဓညဝတီ၊ ဝေသာလီ၊ စမ္ပဝက်၊ ပဉ္စာ၊ ပုရိန်၊ လောင်းကြက်၊ ခြိတ်၊ နေရဉ္စရာတောင်၊ တောင်ငူ၊ စသည်ဖြင့် မင်းနေမြို့တော်ကြီးများအဖြစ် ထွန်းကားခဲ့သည်။ မြောက်ဦးသည် ထိုမည်သော ဘိုးဘွားဘီဘင်တို့ထဲမှ သမိုင်းအမွေကို ဆက်ခံခဲ့ခြင်းဖြစ်သည်။”လို့ရေးသားထားပါတယ်။

မြောက်ဦးမြို့တော်သို့ ရောက်ဖူးခဲ့တဲ့ အနောက်နိုင်ငံသား ချီတင် (Schouten) က သူရဲ့ မှတ်တမ်းမှာလည်း “မြောက်ဦးမြို့တော်၏ ကြွယ်ဝချမ်းသာမှုနဲ့ မြို့ကွက်မြို့တွင်းမှာ လန်ဒန်၊ အမ်စတာဒန် စတဲ့ အနောက်တိုင်း မြို့ပြကြီးတွေနဲ့ ယှဉ်နိုင်တယ်လို့ ရေးသားထားပါတယ်တယ်။ သူကဆက်လက်ပြီး မြောက်ဦးမြို့တော်ဟာ အာရှတွင် အချမ်းသာဆုံး၊ အကြွယ်ဝဆုံး ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

အဲဒီအချိန်က ရခိုင်လူမျိုးတို့ဟာနိုင်ငံတကာနဲ့ ကုန်သွယ်နိုင်ငံတဲ့အထိ တိုးတက်ခဲ့တာကြောင့် စီးပွားရေးအရ ကြီးကျယ်ခဲ့သလို တစ်ခြားတစ်ဖက်မှာလည်း လက်မှု အတတ်ပညာတွေလည်း အံ့မခန်းကြီးကျယ်တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။ ရခိုင်လူမျိုးတို့ရဲ့ ကြေးသွန်းအတတ်ပညာဟာ ဘယ်အတိုင်းအတာထိ ခမ်းနားကြီးကျယ်ခဲ့တယ် ဆိုတာကို လက်ရှိ မန္တလေးမြို့မှာ ရှိနေတဲ့ မဟာမုနိဘုရားကြီး၊ ဇလွန်ပြည်တော်ပြန်ဘုရား၊ ပြည်မြို့တစ်ဘက်ကမ်း ရွှေဘုံသာမုနိ ဘုရားဆင်းတုတော်တွေရဲ့ လက်ရာကို ကြည်ပြီး အကဲဖြတ်နိုင်ပါတယ်။ ဒီဘုရားတွေအားလုံးဟာ ရခိုင့်ရှေးဟောင်းလက်ရာတွေဖြစ်ပြီး ရခိုင်ထီးနန်း ကျဆုံးစဉ် ဗမာလူမျိုးတွေ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ဘုရင်ခေတ်တုန်းက ရခိုင်ပြည်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အထိ ကျယ်ပြန့်ခဲ့ပါတယ်။ ဒီနေ့ထိ ခေါ်ဝေါ်နေကြတဲ့ စစ်တကောင်းဆိုတာ ရခိုင်အမည်နာမ ဖြစ်ပြီး ရခိုင်လို စစ်ဦး၊ စစ်ဖျား၊ စစ်ဦးခေါင်း လို့ အဓိပ္ပါယ်ရပါတယ်။ ၁၆၆၆ ခုနှစ်မှာမှ မဂိုတွေနဲ့ ဖြစ်တဲ့ စစ်ပွဲမှာ ရခိုင့်ဘုရင့်တပ်တော်က ရှုံးနိမ်ခဲ့တဲ့ အတွက် စစ်တကောင်းကို လက်လွှက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိတဲ့ ဘင်ဒရိုင်ခရိုင်၊ ရန္ကာမတီခရိုင်နဲ့ ခါကာဆိုရီဆိုတဲ့ ခရိုင်တွေဟာ ရခိုင်ဘုရင်တွေ တည်ထောင်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ရှေးခေတ်က ဘင်ဒရိုဘင်ခရိုင်ကို ဗိုလ်မင်းထောင်လို့ခေါ်ပြီး ရန္ကာမတီခရိုင်ကို သက်ထောင်လို့ ခေါ်ပါတယ်။ ခါကာဆိုရီခရိုင်ကတော့ ဖလံထောင်လို့ ခေါ်ပါတယ်။ အိမ်ထောင်စု ၁၀၀၀ စီကို နေရာချပေးပြီး တည်ထောင်ပေးခဲ့တဲ့အတွက် ထောင်ဆိုတဲ့ အမည်နဲ့ ဗိုလ်မင်းထောင်၊ သက်ထောင်နဲ့ ဖလံထောင်လို့ ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ တောင်ဘက်မှာဆိုရင်လည်း ရခိုင်နယ်နမိတ်က မော်တင်စွန်းအထိ ဖြစ်ပြီး အခုထက်ထိ ရခိုင်အမတ်ကြီး မဟာပညာကျော်ရဲ့ အရိုးအုတ်ဂူကို မော်တင်စွန်းမှာ တွေ့ရှိနိုင်ပါသေးတယ်။ ၁၇၈၅ ခုနှစ်မှာ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီနယ်မြေတွေ အားလုံးဟာ ဆုံးရှုံးသွားခဲ့ရပါတယ်။

မြောက်ဦးကို သိမ်းပြီးနောက် ရခိုင်နန်းတော်ထဲက အဖိုးတန် နန်းစဉ် နန်းမွေတွေသာမက ပိဋကတ်တော်၊ ဆေးကျမ်း၊ စစ်ကျမ်း၊ စာပေ၊ အနုပညာလက်ရာ တန်ဖိုးရှိအရာပစ္စည်းဟူသမျှ  အားလုံးကို ဗမာမင်းနေပြည်တော် အမရပူရကို ယူဆောင်သွားခဲ့ပါတယ်။ နန်းတော်ထဲက လက်နက်အမြောက်ထောင်နဲ့ချီပြီး သိမ်းယူသွားသလို နန်းတော်မှာမိုးထားတဲ့ ကြေးပြားတွေက အစ အကုန်လုံးခွာယူသွားခဲ့ပါတယ်။ နောက်ဆုံး ဘာတစ်ခုမှ မကျန်တော့အချိန်မှာတော့ နန်းတော်တစ်ခုလုံးကို မီးရှို့ပစ်ခဲ့ပါတယ်။  မီးရှို့ပြီးတဲ့ အခါ အနီးအနားတောင်တွေကို ပိုင်းဖြတ်ပြီး နန်းတော်တစ်ခုလုံကို မြေဖို့ပစ်ခဲ့ပါတယ်။ နောင်တစ်ချိန် ရခိုင်တွေ ဘုရင်နိုင်ငံကို ပြန်မထူထောင်နိုင်အောင် ရခိုင်လူမျိုးတွေအထဲ ထင်ပေါ်ကျော်ကြားတဲ့ ရဟန်းပညာရှိ လူပညာရှိ ဟူသမျှကို အမရပူရကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန့်ကျင်သူတွေကိုတော့ လက်စတုန်း ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရှုံးသွားတဲ့ ဘုရင့်နိုင်ငံတစ်ခုရဲ့ အခြေအနေဟာ ဘယ်လောက်တောင် ဆိုးရွားမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒီလောက် လူ့ယဉ်ကျေးမှုတွေ တိုးတက်နေတဲ့ ခေတ်မှာတောင် မြန်မာစစ်တပ်က လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေတာကို ကြည့်ရင် အဲဒီတုန်းက ရခိုင်အခြေအနေကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။

နှစ်ပေါင်း (၄၁) နှစ် ဗမာဘုရင်အုပ်စိုးခဲ့တဲ့ရခိုင်ပြည်ဟု ရခိုင်လူမျိုးတို့ရဲ့ အမှောင်မိုက်ဆုံးကာလဖြစ်ပြီး ရခိုင်လူမျိုးသန်းနဲ့ ချီ သေကြေခဲ့ကြရတယ်လို့ ရခိုင်ရှေးမှတ်တမ်းတွေမှာ ရေးသားပါတယ်။ ဗမာဘုရင့်တပ်တွေရဲ့ အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်မှုမခံနိုင်တဲ့ ရခိုင်အရပ်သားပြည်သူတွေဟာ လှေကြီးတွေနဲ့ ရောက်ရာအရပ်ကို အသက်လု ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက်ကာအကြားက အ၀ကျွန်းဆိုတဲ့ အရပ်မှာ အခုထက်တိုင် ရခိုင်ကျေးရွာပေါင်း (၁၀၀)နီးပါးခန့်ကို တွေ့ရှိနိုင်ပါသေးတယ်။ အဲသလို ရခိုင်လူမျိုးတွေကို နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် နောက်ပိုင်း သက္ကရာဇ် ၁၈၀၀ ဝန်းကျင်လောက်မှာ အရှိန်အဟုန်ကြီးမားတဲ့ ချင်းပျံတော်လှန်ပုန်ကန်မှု စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချင်းပျံဟာ ရခိုင်လူမျိုးတစ်ဦးဖြစ်ပေမယ့် အမရပူရမှာ ကြီပြင်းခဲ့ရတာကြောင့် ရခိုင်စကားကို ကောင်းစွာ မပြောဆိုတတ်ဘူးလို့သိရပါတယ်။ ချင်းပျံဟာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းကို ရခိုင်ပြည်ကို သိမ်းပိုက်ဖို့ စစ်ပန်ခဲ့တဲ့ ဒါးပိုင်ကြီး ငသံတွေရဲ့ သားဖြစ်ပါတယ်။ ဗမာဘုရင်ဟာ မြို့သူကြီးငသံတွေတို့ ပြန်လည် ပုန်ကန်မှာကို စိုးတဲ့အတွက် ငသံတွေရဲ့ သားတွေ၊ သမီးတွေကို အမရပူရကို ခေါ်ယူထားတဲ့အတွက် ဗိုလ်ချင်းပျံဟာ အမရပူရမှာဘဲ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာ ဗမာဘုရင်တပ်ထဲကို ဝင်ပြီး ဗိုလ်မှူးဘ၀နဲ့ ရခိုင်ကို လူစုဆောင်းဖို့နဲ့ အခွန်ကောက်ဖို့ ရောက်လာရာမှာ ဗမာဘုရင်တပ်တွေရဲ့ ရခိုင်လူထုအပေါ် အနိုင်ထက်စီးနင်း ဖိနိပ်မှုတွေကို ရခိုင်လူကြီးတွေက တိုင်ကြားရာကနေ မခံမရပ်ဖြစ်ပြီး ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ကာ တော်လှန်ရေးကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချင်းပျံရဲ့ တော်လှန်ရေး မတိုင်မီကတည်းက ရခိုင်အမျိုးသားတွေဟာ ဗမာပဒေသရာဇ်တွေကို ရရာ လက်နက် ဆွဲကိုင်ပြီတော်လှန်ခဲ့ကြပေမယ့် ဗိုလ်ချင်းပျံတော်လှန်ရေးလို့ ကြီးကျယ်တဲ့ အဆင့်ကိုတော့ မရောက်ရှိခဲ့ပါဘူး။ ဗိုလ်ချင်းပျံလက်ထက်မှာမှ တော်လှန်ရေးဟာ ကြီးကျယ်ခဲ့ပြီး မြောက်ဦးမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အထိဖြစ်ပါတယ်။ ခရစ် သက္ကရာဇ် ၁၈၁၁ ခုနှစ်မှာ ဗိုလ်ချင်းပျံဟာ အင်အား ၁၀၀၀၀ ကနေ ၁၂၀၀၀ အထိရှိသော စစ်တပ်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ရခိုင် မြောက်ဦးမြို့ကို စစ်ချီကာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စည်းရုံးရေးပြိုကွဲသွားတဲ့အတွက် မြောက်ဦးကို ခဏတာမျှ သိမ်းပိုက်ခဲ့ပြီး နောက်ဆုတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဗိုလ်ချင်းပျံဟာ ငှက်ဖျားမိပြီး စစ်တကောင်း တောင်တန်းနယ် တစ်နေရာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်း နောက်ပိုင်းကာလတွေမှာ ရခိုင်အမျိုးသားတွေဟာ ရရာလက်နက်ဆွဲကိုင်ပြီး နယ်ချဲ့ ကျူးကျော်သူတွေကို တော်လှန်ခဲ့ကြပေမယ့် မြောက်ဦးမြို့ကို သိမ်းပိုက်ဖို့ကိုထား အနားကို ချဉ်းကပ်နိုင်ခဲ့ခြင်း မရှိခဲ့တော့ပါဘူး။

ဗမာ ဘုရင်လက်အောက် ရခိုင်ကျရောက်ပြီး (၄၁) နှစ်အကြာ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ (၁၈၂၄- ၁၈၂၆) စစ်ပွဲအပြီးမှာတော့  မြောက်ဦးမြို့ဟာ အင်္ဂလိပ်လက်အောက်တစ်ဖန်ကျရောက်သွားခဲ့ပါတယ်။ အင်္ဂလိပ် လက်အောက်ကို ရောက်ရှိစဉ်မှာလည်း ရခိုင်အမျိုးသားတွေဟာ ရရာလက်နက်ကို ဆွဲကိုင်ပြီး အင်္ဂလိပ်တွေကို တော်လှန်ခဲ့ပါသေးတယ်။ မင်းသားကြီးရွှေဘန်း၊ ဒေဝန်းအောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံတို့ဟာ ထင်ရှားတဲ့ ရခိုင်တော်လှန်ရေး ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ ခေါင်းဆောင်သုံးဦးစလုံဟာ အင်္ဂလိပ်တို့ရဲ့ အကောက်ကြံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြစ်ဒဏ်ကျကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက်ကားထောင်မှာ ထောင်တစ်သက်တစ်ကျွန်း ဖမ်းဆီးချုပ်နှောင်ခဲ့ရပါတယ်။ အဲဒီခေါင်းဆောင်ကြီး သုံးဦးရဲ့ သွေးနဲ့ ရေးခဲ့တဲ့ သေတမ်းစာတွေဟာလည်း ရဲရဲတောက် တော်လှန်ရေးလမ်းညွှန်သဘောတရား အဖြစ် အခုအချိန်ထိ တည်ရှိနေပါသေးတယ်။

မင်းသားကြီးရွှေဘန်း၏ သေတမ်းစာ

မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊ ကိုယ့်အသက်ကို၊ ရက်စက်စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘဝပြောင်းခဲ့၊ ဖြစ်ကြောင်းသံသာ၊ သတ္တဝါတို့၊ မှန်စွာမချွတ်၊ သူမသတ်လည်း၊ မလွတ်တခါ၊ သေအံ့ရာတည်း။

ကမ္ဘာမကြေ၊ သူတို့သည်လည်း၊ အတည်မစိုး၊ ငါမြေထိုးလည်း၊ အရိုးတခါ တွန်လိမ့်ရာ၏၊ နောင်လာ နောင်သူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်ကာ၊ ပြည်ဓညာကို၊ တခါမုချ ငါတို့ရအံ့၊ လုံ့လရှေ့သန်၊ လူလျှင်သန်က၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်၊ မလွတ်ဤစာ သေတမ်းတည်း။

ဒေးဝန်းအောင်ကျော်ရွှီ၏ သေတမ်းစာ

နောင်သားနောင်လာ၊ နောက်ထပ်ပါလည်း၊ ဆရာသုံးလက်၊ ရှေ့ကတက်၍၊ အသက်ခန္ဓာ၊ လူတို့မှာကား၊ တခါတရံ အဖိုးတန်၏၊ တရံတခါ ဆိုတုံပါလည်း၊ သူသည်လာလျှက်၊ ဖိနှိပ်စက်က၊ အသက်ထိုခါ၊ စိုးမရာရှင်း၊ ဓမ္မလမ်းမှန်၊ ကျင့်ကြောင်းကြံလျှက်၊ ပိုက်ဆံကိုစား၊ လိမ်လှည့်ထားသော်၊ နောက်သားတဖန်၊ သည်းမခံနှင့်၊ နိုင်ငံတကာ၊ ဟူရာရာ၌၊ ပညာနှင့်ဉာဏ်၊ သင့်စွာဖန်၍၊ တာဝန်မပျက်၊ သစ္စာရွက်လျက်၊ အသက်ကိုလှီး၊ သွေးချောင်းစီးမှ၊ အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊ အစို့စို့နှင့်၊ ကိုယ့်မြို့ ကိုယ့်ပြေ၊ ကိုယ့်ဌာနေကို၊ ရပေမုချ၊ ဤလောကတည့်၊ အောက်ကျ မခံချင်သောကြောင့်။

မြို့သူကြီး အောင်ကျော်ဇံ၏ သေတမ်းစာ

ဥဒါန်းမကျေ၊ ဖြစ်ရလေခြင်း၊ တိုင်းပြည်ကိုကြံ၊ အောင်ကျော်ဇံမှာ၊ ကြွကာဖွေနှောက်၊ တကျိပ်ခြောက်တို့၊ ယွင်းဖောက်သစ္စာ၊ သူတို့မှာကား၊ ဝမ်းစာစားတွက်၊ တထပ်တွက်ကို၊ တသက်တာထင်၊ ခွေးအမြင်ကြောင့်၊ တိုင်းခွင်သာစည်၊ ငါတို့ပြည်လည်း၊ သူ့ပြည်ဖြစ်ရ၊ ဝမ်းနည်းစွသည်၊ မိဘဆရာ၊ ပေါရာဏာတို့၊ ဝေါဟာရထုံးဟောင်း၊ လူဗူးတောင်းတို့၊ မပေါင်းဖော်ရာ၊ ဆိုဆုံးပါလည်း၊ မေ့ကာသတိ၊ ပေါင်းဖော်မိ၍၊ လက်တွိမုချ၊ ငါကြုံရ၏၊ ဘဝတဇစ်၊ လူပြန်ဖြစ်၍၊ အသစ်ခုပင်၊ ကြံစည်ချင်သည်၊ ဘယ်တွင်မမေ့ နိုင်သောကြောင့်။

ဒီရတုမော်ကွန်းတွေဟာ အဖိနှိပ်ခံ ရခိုင်ပြည်သူတွေ အတွက် တပ်လှန့်သံတွေဖြစ်ပြီး ရခိုင်အမျိုးသားတွေရဲ့ နှလုံးသားမှာ လက်ရှိအချိန်ထိ ပူးကပ်စီးဝင်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ၇၆ နှစ်အကြာမှာတော့ သမိုင်းဘီးတစ်ပတ်ပြန်လည်လာခဲ့ပါပြီ။ မြောက်ဦးမြို့ကျပြီး နှစ်ပေါင်း၂၃၉ နှစ် အကြာမှာတော့ ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခုလို သိမ်းပိုက်နိုင်ခဲ့ပေမယ့် လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်ဘဲ အာရက္ခစစ်သည်တော်တွေရဲ့ အသက်သွေးချွေးတွေကို စွန့်လွတ် ပေးဆပ်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ တပ်ရင်းတပ်စခန်းတွေ အများအပြားတပ်စွဲထားတဲ့ မြောက်ဦးမြို့အထိ သိမ်းပိုက်နိုင်တာကလည်း အမြှော်အမြင်ကြီးပြီး ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှု၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်ပေးဆပ်လိုတဲ့ အာရက္ခသူရဲကောင်းတို့ရဲ့ လုံးပမ်းကြိုးစားအားထုတ်မှု၊ ရခိုင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ဝိုင်းရန်အားပေးထောက်ခံမှုတွေကြောင့်ဖြစ်ပါတယ်။ ဘယ်တိုင်းပြည်နဲ့ ဘယ်လူမျိုးဘဲဖြစ်ဖြစ် တိုင်းပြည်တစ်ခု မွေးဖွားတော့မယ်ဆိုရင် တစ်မျိုးသားလုံးကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိဖို့ လိုအပ်သလို အသက်ပေးစွန့်လွတ်တော်လှန်တိုက်ပွဲဝင်မယ့် တပ်တော်တစ်ရပ်လည်း မဖြစ်မနေ လိုအပ်ပါတယ်။ လက်ရှိ ရခိုင်မှာတော့ တစ်မျိုးသားလုံးကို ဦးဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်နေပြီဖြစ်သလို တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုမယ့် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်တော်လည်း ပေါ်ပေါက်နေပြီမို့ ရခိုင်တစ်မျိုးသားလုံးညီညီညွတ်ညွတ်နဲ့ ကြိုးစားကြရင် မိမိတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့မဝေးတော့ပါဘူး။

လက်ရှိ ရခိုင်တို့ရဲ့ နှလုံးသားထဲက ဗဟိုချက်မ မြောက်ဦးမြို့ကို သိမ်းပိုက်နိုင်တဲ့အထိ အောင်ပွဲရခဲ့တာဟာ ခေါင်းဆောင်တွေနဲ့ ဦးဆောင်နိုင်မှု၊ တပ်တော်ရဲ့ စွမ်းဆောင်မှုနဲ့ ရခိုင် တစ်မျိုးသားလုံး ညီညွတ်မှုအင်အားကြောင့်ဘဲ ဖြစ်ပါတယ်။ ဒီရရှိနေတဲ့အင်အားတွေနဲ့ အားထုတ်ကြိုးပမ်းပြီး ရက္ခိတလမ်းစဉ်ကို ကိုင်စွဲပြီး ရှေ့ဆက်သွားကြမယ်ဆိုရင်တော့ ရခိုင်အမျိုးသားတွေ မျှော်လင့်နေတဲ့ ရွှေပြည်တော်က မျှော်တိုင်း မဝေးတော့ပါဘူးလို့ ပြောဆိုရမှာဘဲဖြစ်ပါတယ်။

( ရခိုင်တော်လှန်ရေးအတွင်း အသက်ဝိဉာဉ်များ ပေးဆပ်တိုက်ပွဲဝင်သွားခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေအားလုံးကို ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။)

ဘုန်းစည်သူ

ကိုးကား – မြောက်ဦးမြို့တော် (ဆရာထွန်းရွှေခိုင်)၊ ဦးလှထွန်းဖြူ(သမိုင်း)၏ မဇ္စျိမဒေသ အရေးတော်ပုံကျမ်း၊

https://www.facebook.com/narinjara.info/posts/792257506274714

Leave a Reply

Your email address will not be published.