By Western News / 2024 February 1

မြောက်ဦး ပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသော စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည့် မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကို သိမ်းပိုက် ရရှိကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တပ်ရင်းတစ်ခုလုံးအား ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA က ကြေညာသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့် မြောက်ဦး အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၄၀ တပ်ရင်းမှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့ နန်းတော်ရာကုန်းနှင့် ဝါစျေးရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့ ဝါစျေးရပ်ကွက် လမ်းဆုံးအနီး နေအိမ် နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နန်းတော်ရာကုန်းထက်တွင်လည်း ပျက်စီးမှု တစ်ချို့ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ၅၄၀ တပ်နှင့် ၃၇၇ တပ်တို့က ပစ်ခတ်လိုက်သော လက်နက်ကြီးများမှာ ရခိုင် ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု များစွာရှိသည့် မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ်များ ထားရှိရာ ယဉ်ကျေးမှုပြတိုက်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးခဲ့သည်။
ထို့အပြင် မြောက်ဦးတွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက်ကလည် စစ်ကောင်စီတပ်က လမ်းမှာ တွေ့သည့် အရပ်သား သုံးဦးကို သေနတ်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ကတည်းက မြောက်ဦးမြို့ ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းများ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ ဆင်ချဆိပ်ရက်ကွက်အတွင်းက သားမိနှစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် မြောက်ဦးတွင် အရပ်သားပြည်သူ တစ်လအတွင်း ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ရပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း လူမှုကယ်ဆယ်ရေး စားရင်းများအရ သိရသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ အမ်းတို့မှာ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပါအဝင် နေဗီနှင့် လက်နက်ကြီးစခန်းတို့မှ ပစ်ခတ်မှုများ လုပ်ဆောင်နေသည်။
စစ်အင်အား၊ လက်နက်ခဲယမ်းထပ်မံဖြည့်တင်းထားသော ရမ်းဗြဲမြို့အနီးရှိ စစ်ကောင်စီတပ်နှင့် AA တို့သည် ရမ်းဗြဲမြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်များ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီကျော်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ကူမှု ပြုလုပ်ခဲ့သည်။
ထို့အပြင် မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာအနီးရှိ ကြပ်စင်မြစ်ထဲမှ စစ်ကောင်စီ၏ နေဗီသင်္ဘောမှ အနီးတစ်ဝိုက်ကျေးရွာများသို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရေငံဆည်ကျေးရွာမှာ အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/829484359190992