By Narinjara / 2024 February 23
ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် ဒေသခံ ချင်းအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာဘက်ခြေထောက်နှင့် လက်တို့ ပြတ်သွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိသူမှာ မြေပုံမြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဦးမောင်ကြီး (၅၀ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရွာအနီးရှိတောင်မှာ ကျွဲစာသွားရှာစဥ် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
“မနက်က မြက်အပါအဝင် ကျွဲစာသွားရှာရင်း မိုင်းနင်းမိတာလို့ပြောပါတယ်။ ညာဘက်ခြေထောက် ဒူးဆစ်အောက်ကနေပြတ်ထွက်သွားပြီး ဘယ်ခြေထောက်လည်း ဒဏ်ရာတွေရထားတယ်။ ညာဘက်လက်ခုံကနေပြတ်သွားတယ်။ မေးစေ့မှာလည်း ဒဏ်ရာတွေရသွားပါတယ်။ အတော်လေးပြင်းထန်ပါတယ်”ဟု ပြောသည်။
ငှက်ပျောချောင်းကျေးရွာသည် ယိုးချောင်းတံတားအနီးတွင်တည်ရှိပြီး ယခင်ကစစ်တပ်တပ်စွဲ နေထိုင်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိမှာ ဒဏ်ရာပြင်းထန်သည့်အတွက် လူနာအား မြေပုံဆေရုံသို့ ပို့ဆောင်ကာ ဆေးကုထားရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်ကလည်း စစ်တပ်တပ်စွဲခဲ့သည့် ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာအနီးမှ ဂြင်းတပ်တောင်သို့ နွားလန်ရန်သွားသည့် ရွာသားတစ်ဦး မိုင်းနင်းမိကာ ခြေထောက် တစ်ဘက်ပြတ်ထွက်သွားသေးသည်။
စစ်ကောင်စီသည် စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်လေ့ရှိပြီး မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများအနီး၌သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများရှိရာနေရာများ အပါအဝင် အများပြည်သူသွားလာရာနေရာများ၌ပါ ထောင်တတ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ယင်းကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခတ်နေသည့်နေရာများကို မလွဲမရှောင်သာ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန်နှင့် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း အထူးသတိပေးထုတ်ပြန်ထားသည်။(NN-7)
(ဓာတ်ပုံ-ပေးပို့)
https://www.facebook.com/narinjara.info/posts/801289925371472