မော်တာကျည်ကျရောက်မှု မြန်မာကို ဘင်္ဂလားဒေ့ရှ် ပြင်းပြင်းထန်ထန်သတိပေး

By RFA / 2024 February    6

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ လူအသေအပျောက်ရှိခဲ့တာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟူဆန်မာမွတ် က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာ BSS မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မော်တာကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော်ကျရောက်လာပြီး လူအသေအပျောက်ရှိခဲ့တာဟာ မျှော်လင့်မထားတဲ့ လက်မခံနိုင်ဖွယ်ကိစ္စဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် သတိပေးကန့်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီမတိုင်ခင်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန်သတိပေးကန့်ကွက်ခဲ့တယ်လို့ သတင်း မှာပါရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတိပေးကန့်ကွက်မှုကို မြန်မာအစိုးရထံ ပြန်တင်ပြသွားမယ်လို့ မြန်မာသံအမတ်က တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၂၉ ယောက်နဲ့ မိသားစုဝင်တချို့ဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  ဒဏ်ရာရထားတဲ့ မြန်မာတပ်ဖွဲ့ဝင်တချို့ကို ဆေးကုသမှုခံယူဖို့ Chattogram ပို့လိုက်တယ်လို့လည်း ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) တွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက ဆက်သွယ်လာပြီး သူတို့ကို ရေလမ်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်သွားမှာဖြစ်တယ်လို့  ဝန်ကြီးက ပြောကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။ 

___________

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြင်တွေ့ရသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်နေရာမြင်ကွင်း။ (Photo: AFP)

https://www.facebook.com/rfaburmese/posts/797005079127563

Leave a Reply

Your email address will not be published.