By Arakan Bay News / 2024 February 20
မောင်တောမြို့တွင် မြို့မ တောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးမူဆလင်တစ်ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က လုပ်ကြံပစ်သတ်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
မြို့မတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး အဒူလာမိန် (ခ)ဦးလှသိန်းကို စစ်မှုထမ်းဆောင်မည့် မူဆလင်လူဦးရေ စာရင်း မပေးပို့နိုင်ခြင်းနှင့် မြို့သူကြီးတပ်ရင်း၌ ပြုလုပ်ခဲ့သော အစည်းအဝေး သတင်းပေါက်ကြားခဲ့ခြင်း အပြင် စစ်ကောင်စီတပ်ကခေါ်ယူချိန်တွင် မလာရောက်နိုင်သည့်အတွက် စစ်ကောင်စီတပ်က လုပ်ကြံပစ်သတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံ ၁ဦးက ပြောကြားသည်။
”မီးစက်ခွဆုံနားကိုခဏလာခဲ့ပြီး အဲဒီနားမှာဘဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ သေနတ်လေးချက်ပစ်တာ နှစ်ချက်ထိသွားပါတယ်” ဟု ဆိုသည်။
လုပ်ကြံပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးကို မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
မောင်တောမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး၊ စစ်ကောင်စီအဖွဲ့က မောင်တောမြို့ထဲကို အခြေကုတ်ယူကာ မြို့ထဲ မြို့ပြင်များတွင် လုံခြုံရေးအပြည့် ချထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၆ နာရီခန့်အချိန်တွင် မောင်တောမြို့စောင့်တပ်ဖြစ်သည့် မြို့သူကြီးရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ အရှေ့ကာကင်းအထိုင် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
စစ်ရှုံးနေသည့် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးရန် ကြိုးစားလျက်ရှိနေပြီး၊ ယခင်ကလည်း ရက္ခိုင်တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးခဲ့သည့် သာဓကများစွာရှိသည်။
https://www.facebook.com/arakanbaynewsinfo/posts/122123504096180219