မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ တိုင်းဗဟို (၉) လေ့ကျင့်ရေး သင်တန်းကျောင်းအား AA က သိမ်းပိုက်လိုက်ပြီ

By Western News / 2024 February     26

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီနှင့် မေလွမ်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ တိုင်းဗဟို ၉ လေ့ကျင့်ရေး သင်တန်းကျောင်းအား ရက္ခိုင့်တပ်တော် AA မှ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်းဗဟို ၉ လေ့ကျင့်ရေး သင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၉ရက်မြောက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသည့်  AA သတင်းရင်းမြစ် တစ်ဦးက “ညနေလေးနာရီလောက်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့လာပစ်ခဲ့တာတော့ ရှိတယ်။ သိရသလောက်တော့ သူတို့စခန်းကျခါနီးဖြစ်လို့ လာပစ်တာလို့ထင်ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုင်းဗဟို ၉ ကို AA က သိမ်းပိုက်လိုက်ပြီးလို့ သိရပါတယ်”ဟု ပြောသည်။

ရက္ခိုင့်တပ်တော် AA က မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် AA မှ ၉ ရက်မြောက်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက ” ဒီနေ့ညနေပိုင်းက ကမ်းနီရွာအနားမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီက တစ်လျှောက် ပစ်ခတ်မှုတွေ လုပ်တယ်။ လမ်းမှာသွားနေတဲ့ ကားတွေကို စစ်တပ်က ဒရုန်းနဲ့လာပစ်တယ်။ ဒါပေမယ့် AA ကတော့ အဲ့ဒီတိုင်ဗဟို ၉ ကို တကယ်သိမ်းပိုက်လိုက်ပါပြီ”ဟုဆိုသည်။

အဆိုပါ တိုင်းဗဟို (၉) လေ့ကျင့်ရေး သင်တန်းကျောင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချ အညံ့ခံမှုများရှိခဲ့သလို အလင်းဝင်ရောက်မှုများလည်း ရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA က ယနေ့ ညနေပိုင်းအအထိ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးဘဲ ယင်းနှင့်ပတ်သက်၍ AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခအား Western News ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများနှင့် ပြည်သူလူထုနေထိုင်သည့် မြို့ပြနှင့် ကျေးလက်ဒေသများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ ခြေကုတ်ယူထားသည့် မင်းပြားမြို့တွင် အခြေစိုက် ၃၇၉၊ ၃၈၀နှင့် ၅၄၁ တို့ ရှိကြပြီး အဆိုပါ တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ပြီးနောက်ပိုင်း အဆိုပါ တိုင်းဗဟို (၉) လေ့ကျင့်ရေး သင်တန်းကျောင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

AA သည် ပလက်ဝဒေသအား အလုံးစုံထိန်းချုပ်ထားပြီး ရခိုင်ပြည်အတွင်း မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တောနှင့် တောင်ပြိုမြို့တို့ကို အလုံးစုံသိမ်းပိုက်ရရှိထားကာ ကျန်ရှိနေသေးသည့် မြို့များကိုလည်း ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA အနေဖြင့် သိမ်းပိုက်ရရှိထားသော မြို့များအား စစ်ကောင်စီချန်ထားခဲ့သည့် မိုင်းများအား ရှင်းလင်းရေးပြုလုပ်နေခြင်းနှင့် သန့်ရှင်းရေးများပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်ကို ဖြတ်လေးဖြတ်ဖြင့် လုပ်ထားကာ ဖုန်းလိုင်း၊ အင်တာနက်၊ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ဖြတ်တောက်ပြီး အဆက်အသွယ်များဖြတ်ကာ လမ်းတံတားများကိုလည်း စစ်ကောင်စီက မိုင်းဆွဲ ဖျက်ဆီးခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/845393694266725

Leave a Reply

Your email address will not be published.