ဘူးသီးတောင်မြို့တောင်ဘက်မှ စိုင်းတင်တံတားကို ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်သိမ်းယူ ထိန်းချုပ်

By Narinjara / 2024 February     6

ဘူးသီးတောင်မြို့ တောင်ဘက်မှ အရေးပါသည့် တံတားတစ်စင်းဖြစ်သည့် စိုင်းတင်တံတားကို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့၊ စိုင်းတင်တံတားပေါ်နှင့် တံတားအနီးရှိ စစ်တပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ညကတည်းက ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက် ရရှိထားသည်ဟုဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

” စိုင်းတင်တံတားနဲ့ တံတားအနီးက စစ်တပ်ကစစ်သားတွေက ၄ ရက်နေ့ ညက အကုန် ထွက်ပြေးသွားတယ်၊ အဲ့ဒီညက။ မနေ့က မနက်မှာတော့ ကိုယ့်တပ်တော်ဘက်က ထိန်းချုပ်လိုက်ပြီ။ တံတားကိုလည်းသွားလာလို့ရပြီ” ဟုပြောသည်။

အဆိုပါ စိုင်းတင်တံတားပေါ်နှင့် တောင်ကုန်းပေါ်တွင် စခန်းချ နေရာယူထားခဲ့သည့် နယ်ခြား‌စောင့်ရဲနှင့် စစ်သားများသည်  ခမရ (၅၅၁) တပ်ရင်းနှင့် စစ်ကောင်စီ အမှတ် (၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (ဒေသအခေါ် တပ်မ)သို့ သွားရောက်ပူးပေါင်းသွားသည်ဟု ‌ဘူးသီးတောင်မြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

” နယ်ခြားစောင့်ရဲတွေနဲ့စစ်သားတွေ အယောက်  ၂၀၀ လောက် ရှိမလားမသိဘူး။ အေအေက တိုက်တာကို မခံနိုင်လို့  အဲ့ဒီတပ်ရင်း  ၅၅၁ တို့ တပ်မဘက်တို့ကို စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်ကြားတယ်” ဟုပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက် ညဉ့် ၁၂ နာရီခန့်က ဘူးသီးတောင်-ရသေ့တောင် ကားလမ်းရှိ ကုလားပန်ဇင်းချောင်း တံတားအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သူကဆက်ပြောသည်။

” အဲ့ဒီ တံတားက မြို့တံတားဂိတ်ပါ။ စစ်သားတွေနေရာယူလို့ရှိတယ်။ စိုင်းတင်တံတားနဲ့လည်း သိပ်မဝေးဘူး။ အပြန်အလှန်ပစ်ခတ်သံကြားတယ်” ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်တံတားအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်များ အသုံးပြုကာ ကာကွယ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၄ ရက် ညတွင် ရက္ခိုင့်တပ်တော်(AA)မှ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့အနီးတိုက်ပွဲကြောင့် ကင်းတောင် မွတ်ဆလင်ကျေးရွာ၊ရေချမ်းပြင် မွတ်ဆလင်ရွာ၊ ကြာညိုပြင် ရခိုင်ရွာ၊ ဖုံညိုလိပ်ကျေးရွာစသည့် ကျေးရွာများမှာ လက်နက်ကြီးကျည်ကျရောက်၍ မီးလောင်မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။( NN-11)

https://www.facebook.com/narinjara.info/posts/790643989769399

Leave a Reply

Your email address will not be published.