ဘူးသီး‌တောင်တွင် လူနေရပ်ကွက်အထိ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်‌နေ၍ အရပ်သားပြည်သူများ ထိတ်လန့်စိုးရိမ်နေကြရ

By Narinjara / 2024 February     23

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်နှင့်နီးစပ်သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်သဖြင့်  အရပ်သားပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်နေကြရသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ တွင်မြို့အနီးစပ်ဆုံး မြတောင်ဆိပ်ကမ်း အနီးအနားတွင် ကင်းပုန်းဝပ်လျက်ရှိသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

” မြတောင်ဆိပ်ကမ်းနားမှာ စစ်သားတွေကင်းပုန်းဝပ်နေတယ်။ အဲသလို ကင်းပုန်းလာဝပ်ရင် တစ်ခုခုဖြစ်မှာကို စိုးရိမ်ရတယ်။ အဓိက အဲဒီဆိပ်ကမ်းမှာ နယ်ကလာတဲ့ စက်လှေတွေ ဆိုက်ကပ်လေ့ရှိတဲ့ အတွက် စက်လှေတွေကို ဖမ်းဖို့ ကင်းပုန်းလာဝပ်ပုံရပါတယ်” ၎င်းက ပြောကြားသည်။

ဘူးသီးတောင်မြို့သည် အမှတ်(၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် အခြေစိုက်သောမြို့ဖြစ်ပြီး ရက္ခိုင့်တပ်တော်က ဝင်တိုက်ရန် စစ်ရေးအရ ခြိမ်းခြောက်ခံနေရသော မြို့တစ်မြို့လည်းဖြစ်သည်။

ဘူးသီးတောင်မြို့ အနီးဝန်းကျင်တစ်ဝိုက်တွင်လည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး စိုင်းတင်တံတား အပါအဝင် စစ်စခန်းအများအပြားကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည်ဟု သိရသည်။

“ အခုက နေ့လား၊ ညလား တပ်တော်က ဝင်တိုက်မယ်ဆိုပြီး အဲသလို သတင်းဖြစ်နေတယ်။ သူတို့လည်း စိုးရိမ်လို့နေမှာပေါ့။ နေ့တိုင်း လူသွားလူလာလမ်းပေါ်မှာ ကင်းပုန်းဝပ်တယ်။ လက်နက်ကြီးပစ်တယ်။ အဲသလို လုပ်နေတာမျိုးတော့ တွေ့ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယနေ့နံနက်အစောပိုင်းကလည်း ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အမြောက်တပ် (၃၇၈) တပ်ရင်းမှ အတွဲလိုက်ဒုံးကျည်များ၊လက်နက်ကြီးကျည်များ ပစ်ခတ်လျက်ရှိသည်ဟု ဘူးသီးတောင် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

” မနက်ကတည်းကနေ ဘယ်ကိုပစ်လို့ပစ်မှန်းမသိဘူး။  ၃၇၈ကပစ်နေတာ။ အတွဲလိုက်တွေ ပစ်ခတ်သံတွေ အခု ၁၁နာရီထိပစ်တုန်းပါပဲ။ ပစ်ခတ်သံမကြားတာ ၂ရက်လောက်ရှိနေပြီ။ဒီနေ့မှ ပြန်စပစ်တာ။ လက်နက်ကြီးပစ်တော့ အရပ်သားတွေက စိုးရိမ်နေကြရတာပေါ့ ” ဟုပြောသည်။

ဘူးသီးတောင်မြို့အထွက် ဇီးပေါ်ရွာ၊ခကျရွာဖက်တို့၏ လမ်းများတွင်လည်း စစ်သားများ ကင်းပုန်းဝပ်လျက်ရှိပြီး စစ်ကောင်စီများက အသွားအလာများ ကန့်သတ်ထားကြောင်း ဒေသခံများကပြောသည်။

လက်ရှိဘူးသီးတောင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ နေအိမ်များကို စွန့်ခွာကာ စစ်ရှောင်နေကြသူများရှိသလို တချို့လည်း မြို့ပေါ်တွင် ဆက်လက်နေထိုင်နေဆဲဟု သိရသည်။

ဘူးသီးတောင်တွင် စကခ ၁၅ ဌာနချုပ် အခြေစိုက်ပြီး လက်အောက်ခံ ခမရ ၃၄၅၊ ခမရ ၃၅၂၊ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၅၅၁၊ ခမရ ၅၆၄၊ ၅၆၅၊ ခမရ ၅၅၂ တို့အပြင် ဘူးသီတောင်၌ နပခ လက်အောက်ခံ ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၂၆၃ တို့ အခြေစိုက်ထားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/801319545368510

Leave a Reply

Your email address will not be published.