ပြေးစရာမြေမရှိ၍ မိမိနေထိုင်ရာမှာပဲ ဆက်နေမည်ဟု စစ်တွေက မွတ်ဆလင်များပြော

By Western News / 2024 February     19

ရခိုင်ပြည် မြို့တော် စစ်တွေတွင် တိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်၍ မြို့ပေါ်ဒေသခံများမှာ ဘေးကင်းရာနေရာများနှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း မွတ်ဆလင်လူမျိုးများမှာ ပြေးစရာမြေမရှိ၍ မိမိနေထိုင်ရာ နေရာမှာပဲ ဆက်လက်နေထိုင်သွားမည်ဟု စစ်တွေမြို့နယ်မှ မွတ်ဆလင်များက ပြောဆိုကြသည်။

စစ်တွေမြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် မွတ်ဆလင်ကျေးရွာ ၂၀ ကျော်ရှိပြီး ဒုက္ခသည်စခန်းအပါအဝင် လူဦးရေပေါင်း သိန်းနှင့်ချီရှိကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲကိုစိုးရိမ်၍ ရခိုင်ပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း ၎င်းတို့တွင် ပြေးစရာမြေမရှိ၍ အသက်သေလျှင်လည်း ဆက်လက်နေထိုင်ရမည်ဟု စစ်တွေမြို့ ဘုမေရပ်ကွက်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့မှာ ပြေးစရာမြေမရှိဘူး။ တိုက်ပွဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် သေရင်လဲသေ ဒီနေရာမှာပဲ နေရမှာပဲ။ နဂိုကတည်းက ကျနော်တို့ကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားတာ။ ကျနော်တို့ ဘယ်ကို ထွက်ပြေးတိမ်းရှောင်ရမလဲ။ ကျနော်တို့မှာ သွားစရာနေရာမရှိဘူး။ တိုက်ပွဲဖြစ်လာရင် ခိုလှုံဖို့ ဗုံးခိုကျင်းတွေတော့ လုပ်ထားပါတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ စစ်တွေဒေသခံများမှာ အထူးသဖြင့် မြို့ပေါ်နေပြည်သူများမှာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ ကျေးလက်ဒေသများနှင့် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနများမှ စုံစမ်းသိရှိရသည်။

လေယာဉ်လက်မှတ် အရောင်းဌာနတစ်ခုက ” ကျေးလက်ဒေသတွေဘက် သွားတာတော့ မသိဘူး။ လေယာဉ်နဲ့ ရန်ကုန်ဘက်ကို သွားတာကတော့ တစ်ရက်မှာ လူထောင်ကဏန်းလောက်ရှိတယ်။ ပုံမှန်ပြေးဆွဲနေတဲ့ လေယာဉ်နဲ့ မလောက်လို့ ကုမ္ပဏီတွေက လေယာဉ်စင်းလုံးငှားပြီး ထပ်ဆင့်ပြေးဆွဲမှုတွေ လုပ်နေရပါတယ်။ အဲလို စင်းလုံးငှားပြီး ပြေးဆွဲနေရလို့ လေယာဉ်လက်မှတ်တွေကလည်း ဈေးကြီးနေတာဖြစ်တယ်” ဟု ပြောသည်။

စစ်ပွဲဖြစ်လာလျှင် ထိခိုက်သေဆုံးသွားမည်ကို စိုးရိမ်ကြောက်ရွံ့သော်လည်း သွားစရာနေရာမရှိ၍ ဒုက္ခသည်စခန်းမှာပဲ ဆက်လက်နေထိုင်မည်ဟု စစ်တွေမြို့အနီးရှိ သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“စစ်ဖြစ်မှာကို အရမ်းကြောက်တာပေါ့။ စစ်ဖြစ်ရင် ကျမတို့က သေမှာလေ။ စစ်တွေမြို့နဲ့က ကျမတို့နဲ့က နီးနီးလေးပဲလေ။ ကြောက်ပေမယ့်လည်း သွားစရာနေရာမှ မရှိတာ။ ဖြစ်နိုင်ရင်တော့ အရင် မူလနေထိုင်ခဲ့တဲ့ မောင်တောဘက်ကို သွားချင်တာ။ ဒါပေမယ့် သွားလို့မရဘူးလေ။ စစ်ကောင်စီက ခွင့်ပြုမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းမှာပဲ အဆင်ပြေသလို နေရမှာပဲ။ အဓိကတော့ ကျမတို့ထက် ကလေးတွေ၊ သားသမီးတွေကို စိတ်ပူပါတယ်။ စစ်ဖြစ်လာရင် ဘာမှ မထိခိုက်ပါစေနဲ့လို့ ကလေးတွေအတွက် ဆုတောင်းပါတယ်” ဟု ပြောသည်။

စစ်တွေမြို့နယ်က မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်လူမျိုးများကို စစ်ပွဲနှင့်ပတ်သက်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးရန် လိုအပ်နေသလို ဗုံးခိုကျင်းအသုံးပြုဆောင်ရွက်တတ်ရေး သင်ကြားပေးရန် လိုအပ်နေကြောင်း သိရသည်။

ရခိုင်ပြည်ရှိ မွတ်ဆလင်လူမျိုးများကို အထူးသဖြင့် ဒုက္ခသည်စခန်းရှိ မွတ်ဆလင်များကို UN အပါအဝင် INGO/NGO များက နေထိုင်ရေးနှင့်စားနပ်ရိက္ခာများအတွက် ကူညီထောက်ပံ့သည့်အပြင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းလည်း ဆောင်ရွက်လျှက်ရှိကြသည်။

သို့သော်လည်း လက်ရှိ ရခိုင်ပြည်အတွင်း မြို့နယ်တိုင်းလိုလိုတွင် စစ်ရေးပြင်းထန်လာ၍ UN အပါအဝင် INGO/NGO များမှာ ရခိုင်ပြည်က စွန့်ခွာနေကြသည့်အတွက် မွတ်ဆလင်လူမျိုးများ အထူးသဖြင့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များမှာ ပိုမိုအခက်တွေ့မည်ဟု စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/841127101360051

Leave a Reply

Your email address will not be published.