နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့ ရက္ခိတလမ်းစဉ်

By VOA / 2024 February   18

အမေရိကန်ဟာဝိုင်အီ တက္ကသိုလ် အာရှလေ့ာရေးဌာန ဘွဲ့လွန်ပညာသင်ယူနေတဲ့ ကျော်ဆန်ုးလှိုင်

ရခိုင်ပြည်မှာ စစ်ကောင်စီတပ်တွေ အကြီးအကျယ်အထိ နာနေချိန်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ နယ်မြေသိမ်းနိုင်တဲ့ အခြေအနေဟာ ၇၅ % ကျော် ရှိနေပြီလို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်း ဖြစ် ရခိုင့်အရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ ကျော်ဆန်းလှိုင်က ဗွီအိုအေကိုပြောပါတယ်။

တိုင်းရင်းသားလူမျိုးစုပေါင်းစုံ လွတ်မြောက်ရေးနဲ့ ဆက်စပ်မယ့် ရက္ခိတလမ်းစဉ်ဆိုတာဘာလဲ။ အမေရိကန်ဟာဝိုင်အီ တက္ကသိုလ် အာရှလေ့ာရေးဌာန ဘွဲ့လွန်ပညာသင်ယူနေတဲ့ ကျော်ဆန်ုးလှိုင်ကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ရခိုင်တပ်တော် AA အနေနဲ့ နယ်မြေတွေကို သိမ်းပိုက်လာနိုင်တယ်ဆိုတဲ့ အခြေအနေဆိုပြီး သတင်းတွေထဲမှာ တွေ့ရတယ်။ နောက်ပြီးတော့ ကျော်စံလှိုင်ရဲ့ သုံးသပ်ရေးသားချက်တွေမှာဆို စစ်ရေးအရမှာ AA က အပေါ်စီးကနေ အောင်မြင်မှုတွေ ရှိနေတယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်နှစ်ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်တဲ့ အနေအထား ရှိနေပြီလဲရှင့်။

ကိုကျော်ဆန်ုးလှိုင် ။ ။ ရခိုင်နှုန်းအရဆိုရင် ပြောရရင် ၇၅ ရာခိုင်နှုန်းကျော်အထိ ရခိုင်တပ်တော်ရဲ့ စစ်ရေးလက်အောက်ထဲမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခု ရခိုင်မှာ ဖြစ်နေတဲ့ဟာက မြို့ပေါ်မှာက နည်းနည်းပဲ ဖြစ်နေတယ်။ မြို့ပေါ်မှာပဲ ဖြစ်နေပြီး၊ နယ်တွေအားလုံးက တိုက်ပွဲမဖြစ်တော့ဘူး။ အခုက မြို့ပေါ်ရောက်သွားတဲ့အတွက်ကြောင့် မြို့သိမ်းတိုက်ပွဲပဲ ဆင်နွှဲနေတဲ့သဘော ဖြစ်သွားတာပေါ့။ ဆိုတော့ ရခိုင်ရဲ့ ၃ ပုံ ၂ ပုံလောက်ကို ရခိုင်တပ်တော်လက်ထဲမှာ ရောက်နေတယ်လို့ ပြောလို့ရသလို၊ ၇၅ ရာခိုင်နှုန်းလောက်ကိုလည်း ရခိုင်တပ်တော်ရဲ့ လက်ထဲကို ရောက်နေတယ်လို့ ပြောလို့ရတယ်။

မေး ။ ။ ဒီမြို့သိမ်းတိုက်ပွဲတွေဟာ ဆိုလို့ရှိရင် စစ်ရေးအရ ကြည့်မယ်ဆိုရင် အရေးပါတဲ့ မြို့တွေကို AA ဘက်က သိမ်းပိုက်လာနိုင်တဲ့ အနေအထားတွေ မှာဆိုရင် ဘယ်မြို့တွေလဲရှင့်။

ဖြေ ။ ။ အဓိက က ပထမဦးဆုံးသိမ်းတဲ့မြို့ ပလဲ၀ ဆိုရင်လည်း ကလတန် စီမံကိန်းရှိတယ်။ အိန္ဒိယက ဘင်္ဂလာရှေ့ဒ် နဲ့ ဆက်စပ်နေတဲ့ မြို့၊ ဒီမှာ အဲ့လိုပုံစံမျိုးဆက်စပ်နေတဲ့မြို့က မြန်မာနိုင်ငံမှာကော အဲ့လိုပုံစံမျိုး ရှားတယ်ပေါ့နော်။ ဒီဘက်မှာ ဘင်္ဂလာရှေ့ဒ် ရှိတယ်၊ ဒီဘက်မှာ အိန္ဒိယရှိတယ်၊ ပြီးတော့ ဒီပလဲ၀ နဲ့ ဆက်စပ်နေတဲ့ ဟာက ရခိုင်ပြည်နယ် သုံး၊လေး၊ငါး မြို့ အနေနဲ့ တဆက်တည်း ဆက်စပ်နေတာ ရှိတယ်။ ဒုတိယတခုက အခု မောင်တော်မှာဆိုရင် အဓိက ဖြစ်နေတဲ့အရာက မောင်တော်ဆိုရင်လည်း ဘင်္ဂလာရှေ့ဒ်နဲ့ အဓိက ဆက်စပ်နေတယ်။ အခု ဘင်္ဂလာရှေ့ဒ် ရဲ့ အဓိက ဝင်ပေါက်၊ ထွက်ပေါက် ဖြစ်နေတာပေါ့။ ကုန်သွယ်ဆက်စပ်မှုဘဲ ဖြစ်ဖြစ်၊ စီးပွားရေး ဘဲဖြစ်ဖြစ် အကုန်လုံးသည် ဘင်္ဂလာရှေ့ဒ် နဲ့ ဆက်စပ် နေတာဟာ ဒီမောင်းတော်ဖြစ်တယ်။ နောက်တခု စစ်ရေးအရ လို့ ပြောလည်းရတယ် ဒီရခိုင် လူထုရဲ့ပါဝင်မှုကို တိုးမြှင့်ပေးလိုက်တယ်ဆိုတာက မြောက်ဦး ဖြစ်တယ်။ ဒီ မြောက်ဦးကို သိမ်းပိုက်လိုက်တာက ရခိုင်လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ဒီတော်လှန်ရေးထဲမှာ သူတို့ရဲ့ ပါဝင်ပက်သက်မှု နောက်တဆင့်ကိုမြှင့်တက်သွားတယ်။ သူတို့ရဲ့ စစ်ရေးအရ စစ်သည်တွေ အတွက်ဆိုရင်လည်း မြောက်ဦးကို တိုက်လိုက်ခြင်းက သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို ပျောက်ဆုံးနေတဲ့ နှစ်ပေါင်း ၂၀၀ နဲ့ လေးဆယ် နီးပါးရှိပြီ သူတို့ရဲ့ လက်ထဲမှာ ရောက်နေတဲ့ဟာကို ပြန်လည်သိမ်းပိုက်လိုက်တာကြောင့် သူတို့ရဲ့ စိတ်ဓာတ်ခွန်အားက ဒီမှာပူးပေါင်းလုပ်ဆောင်ဖို့ ဆိုတာက ပိုပြီးတော့ နောက်တဆင့်ကို တက်သွားတယ်လို့ ဆိုလို့ရတယ်။

မေး ။ ။ အရေးပါတဲ့ မြို့တွေကို AA ဘက်က သိမ်းပိုက်လာနိုင်တဲ့ အခြေအနေဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကကော ဘာ့ကြောင့်ပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ လက်ရှိ နိုင်ငံရေးအခြေအနေကိုလည်း ကြည့်ဖို့လိုတယ်။ ကျနော်တို့စစ်အာဏာရှင် (စကစ) လက်ရှိ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ (၃) နှစ်လောက်ဖြစ်တဲ့အချိန်မှာ ကျနော်တို့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ မြင်လာရတယ်။ အထူးသဖြင့်ဆိုရင် … ခေါ်တဲ့ (၁၀၂၇) စစ်ဆင်ရေး ရှမ်းမြောက်မှာြဖစ်တဲ့ စစ်ဆင်ရေးက အောင်မြင်မှုမှာ သူတို့အတွက်အခွင့်အရေးတခုလို ပုံစံမျိုး ပြီးတော့ဒီဟာကို …ဖြစ်စေပါတယ်။ ရှမ်းမြောက်မှာက တမျိုးပြီးတမျိုး …..ဆယ်မျိုးလောက်ထိအောင် သိမ်းနိုင်တဲ့ လုပ်ဆောင်မှုက ရခိုင်တပ်တော်အတွက်ကော ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်သည်တွေအတွက်ရော အကုန်လုံးသည် အထဲမှာနေပြီးတော့…. ပြောရရင် လက်ရှိ (စကစ) စစ်တပ်ရဲ့ နောက်ဆုံးအခြေအနေ ရောက်နေတာဖြစ်တယ်. သူတို့ရဲ့ လူအင်အားရော အခုဆိုရင်ကြည့်လိုက်လို့ရတယ် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ပြိုလဲမှုကလည်း သိသာတယ်။ အခုဆိုရင်လည်း ဘင်္ဂလာရှေ့ဒ် မှာဆိုလည်း စစ်သား (၃၃၀) ပြန်ထွက်ပြေးသွာတာကို ပြန်ယူရတာရှိတယ်။ ပြီးတော့ အိန္ဒိယဘက်မှာဆိုရင်လည်းရာနဲ့ ချီတဲ့ စစ်သားတွေထွက်ပြေးသွားပါတယ်။ နောက်တခုရှိတာက ရခိုင်မှာလည်း လက်နက်ချတယ်။ ရှမ်းမြောက်မှာလည်းအဲ့လိုပုံစံမျိူး လက်နက်ချတာက ရခိုင်တပ်တော်အတွက် ဒါကအခွင့်ကောင်း ဖြစ်သွားတာပေါ့။ ဆိုလိုခြင်တာက စစ်တပ်ရဲ့ အဓိက အညံ့ဆုံးအခြေအနေဖြစ်သွားတာပေါ့။ စစ်တပ်ရဲ့ အဓိက အညံ့ဆုံးအခြေအနေကို သူတို့အနေနဲ့ အကောင်းဆုံး အခွင့်အရး တခုအနေနဲ့ အသုံးချပြီးတော့ ဒါကိုဖြစ်လာတာဆိုလို့ ရပါတယ်။

မေး ။ ။ ရခိုင့်တပ်တော်မှာ စစ်ရေးအရ အင်အားနဲ့ ရခိုင့်တပ်တော်ကို ဦးဆောင်နေတဲ့ ရခိုင်ခေါင်းဆောင်တွေရဲ့ စွမ်းရည်ကိုကော ဘယ်လို သုံးသပ်လဲရှင့်။

ဖြေ ။ ။ ပထမဦးဆုံးစစ်အင်အားအခြေအနေက နိုင်ငံတနိုင်ငံအနှံ့လုံးမှာ စစ်အင်အား လက်ရှိ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့ နိုင်ငံအနှံ့ တပ်ဖြန့်ထားနိုင်တာဆိုလို့ ရခိုင့်တပ်မတော်တခုပဲ ရှိတယ်လို့ဆိုလို့ရတယ်။ ရှမ်းမြောက်မှာလည်း ရှိသလို၊ ကချင်မှာလည်း ရှိတယ်။ ကရင်မှာလည်းရှိတယ်။ စစ်ကိုင်းမှာလည်း ရှိတယ်။ အကုန်လုံးရှိတယ်။ တပ်ဖြန့်ထားနိုင်တာကို ကြည့်ချင်းအားဖြင့် ရခိုင့်တပ်တော်ရဲ့ စစ်သားအင်အာ ဘယ်လောက်ရှိလဲဆိုတာကို ကျနော်ကတော့ နည်းနည်းတော့ ခန့်မှန်းဖို့ခက်တယ်။ ဒါပေမယ့် ၂၀၂၂ မှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၃) သောင်းလောက် ရှိတယ်တော့ ပြောပါတယ်။ ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ၄ သောင်းကနေ ၅ သောင်းဝန်းကျင်လောက်ထိ ရှိတယ်လို့ ပြောလို့ရတယ်။

ဒုတိယတခုက ခေါင်းဆောင်ပိုင်းနဲ့ဆိုရင် ရခိုင်တွေ တော်လှန်ရေးအဆက်ဆက်၊ ရခိုင်လူမျိုးတွေကို ကြည့်မယ်ဆိုရင် သူတို့က ခေါင်းဆောင်ကောင်းကို အရမ်းမျှော်ကိုးခဲ့ကြတယ်။ အခုနပြောတဲ့ ရခိုင်ဘုရင် ကျဆုံးတာ ၁၇၈၅ မှာကတည်းကနေ ခေတ်အဆက်ဆက် တော်လှန်ရေး ရှိခဲ့တယ်။ သို့သော် အခုလိုပုံစံမျိုး ခေါင်းဆောင်ကောင်းကို မတွေ့ခဲ့ဘူးလို့ ဆိုလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ် ဖြစ်တယ်။ နောက်တခုရှိတာက လက်ရှိ ရခိုင်တော်လှန်ရေးထဲမှာဆို မြောက်ပိုင်းဘက်က တော်လှန်ရေးခေါင်းဆောင်တွေ ပိုထွက်တယ်။ ဒါပေမဲ့ လက်ရှိ AA ထဲမှာဆိုရင် ‌‌‌ဒေါက်တာညိုထွန်းအောင်ဆိုရင် တောင်ပိုင်းဘက်က ကျောက်ဖြူက ဆိုတော့ .. ဆိုလိုချင်တာက မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ပေါင်းထားတဲ့ တပ်တခုလို ဖြစ်သွားတယ်။ ဥပမာ ALPP တို့ဖြစ်ဖြစ် အရင်တုန်းက တပ်တွေမှာတော့ အဲဒီလိုပုံစံမျိုး မရှိခဲ့ဘူး။ နောက်တခုက သူတို့ရဲ့ ခေါင်းဆောင်မှုပိုင်း ပြောတဲ့အခါမှာ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်မှု။ ရခိုင်လူထုကို စည်းရုံးတဲ့အခါမှာ ရက္ခိတအိပ်မက် – Arakan Dream, ရက္ခိတလမ်းစဉ်ဆိုတာတွေကို Strategy ကျကျ ရခိုင်လူမျိုးတွေကို ချပြနိုင်တယ်။ သူတို့ပြောတဲ့အတိုင်း သူတို့လုပ်နိုင်တယ်။ ပြောတဲ့အတိုင်းလည်း လုပ်တယ်။ အဲဒီလိုဖြစ်တဲ့ဟာက ရခိုင်လူထုရဲ့ လက်ရှိအခြေအနေ သမိုင်းကြောင်းတလျှောက်မှာ အခုလိုမျိုး ခေါင်းဆောင်က ရှားတယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် လက်ရှိခေါင်းဆောင်မှုကတော့ ရခိုင်လူမျိုးလိုလားတဲ့ ခေါင်းဆောင်မှုမျိုး။ အဲဒါကြောင့် အဆမတန် တိုးသွားတာ။ ဥပမာ ရခိုင်တပ်တော်က အခုဆိုရင် ၁၅ နှစ်လောက် ရှိမယ်။ ၂၀၀၉ က တည်ဆောက်ခဲ့တာ။ ဒီ ၁၄-၁၅ နှစ်လောက်မှာ လူပေါင်း ၄-၅ သောင်းလောက် တပ်အင်အား ရှိလာတာက အံ့မခန်း ဖြစ်စရာပါ။ ခေါင်းဆောင်မှုစွမ်းရည်၊ လုပ်ဆောင်မှုစွမ်းရည်တွေကတော့ လေးစားစရာ ကောင်းပါတယ်။

မေး ။ ။ အဲဒီတော့ စောစောကပြောသွားတဲ့ ရက္ခိတလမ်းစဉ်၊ ရက္ခိတအိပ်မက် ရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးအပိုင်းမှာ ဒါက သီခြား ရခိုင်နိုင်ငံတော်အဖြစ် ဘယ်လိုပုံစံမျိုးအထိ ရည်မှန်းထားပါသလဲရှင့်။

ဖြေ ။ ။ သူတို့ ပြောလာတဲ့ဟာက ရက္ခိတလမ်းစဉ်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ဘာတွေ့ရသလဲဆိုတော့ သီးခြားနိုင်ငံ ထူထောင်မလားလို့ မေးလာတဲ့အခါမှာ ကျနော်မြင်တာက သီးခြားနိုင်ငံ ထူထောင်ဖို့ဆိုတာထက် သူတို့လိုချင်တဲ့ဟာက ရခိုင်လူထုရဲ့ ရခိုင်ပြည်နယ်ကို ရခိုင်တပ်တော်က အကုန်လုံးကို ထိန်းချုပ်မယ်။ ရခိုင်တပ်တော်ရဲ့ ပါတီဖြစ်တဲ့ ULAA က အုပ်ချုပ်မယ်။ ရခိုင်လူမျိုးတွေက ရခိုင်ပြည်နယ်ကို အုပ်ချုပ်မယ်ဆိုတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဲဒီလိုပုံစံမျိုးကို အဓိကသွားတာ။ အခုဆိုရင် သူတို့တိုက်တယ်။ ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကိုယ်တိုင် ပြောထားတာက – ငါတို့ လွတ်လပ်ရေးကို မကြေငြာဘူး။ ကျနော်က အဲဒီလိုမျိုး မြင်တယ်။ သူတို့ လိုချင်တဲ့ နိုင်ငံရေးက ရခိုင်ပြည်တခုလုံးကိုရအောင် တိုက်မယ်။ ပြီးတော့ အုပ်ချုပ်ရေးယန္တရားကို သူတို့ကိုယ်တိုင် စီမံမယ် လုပ်ဆောင်မယ်။ နောက်တချို့ဟာတွေက ဥပမာ ငွေကြေးသုံးတာတို့ကတော့ ပြန်ပြီးဆွေးနွေးရမှာပေါ့။ အဲဒီကိစ္စတွေကိုတော့ ဘယ်လိုလုပ်မလဲဆိုတာကတော့ နောက်တပိုင်း ရှိမယ်လို့ မြင်ပါတယ်။

မေး ။ ။ အထူးသဖြင့်တော့ ဗိုလ်ချုပ်ထွန်းမြင့်နိုင် ပြောတဲ့ထဲမှာလည်း ရက္ခိတလမ်းစဉ်နဲ့ ဆက်ပြီးတော့ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးဆိုတဲ့ လမ်းစဉ်။ ဆိုတော့ အဲဒီအပိုင်းကိုကြတော့ ဘယ်လိုနားလည်လို့ ရပါသလဲရှင့်။

ဖြေ ။ ။ လက်ရှိအခြေအနေမှာတော့ စစ်အာဏာရှင်သိမ်းခဲ့တဲ့ ၃ နှစ်အချိန်ကို ကြည့်လိုက်ရင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက အကုန်လုံး နွေဦးတော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါဝင်တယ်။ နွေဦးတော်လှန်ရေးမှာ ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကပဲ သင်တန်းပေးခဲ့တာ။ ဒါက ဘာကိုပြသလဲဆိုတော့ နယ်မြေတခုတည်း လွတ်မြောက်လို့ မရဘူးဆိုတာကို ပြတာပေါ့။ ဆိုလိုချင်တာက ရခိုင်တခုတည်း ကွက်ပြီး လွတ်မြောက်နေရင် အမြဲတမ်း ဗုံးလာကျဲနေရင်၊ ဒါကို လွတ်မြောက်တယ်လို့ မဆိုလိုဘူး။ လူတွေက အကြောက်တရားနဲ့ နေရတယ်။ အနိဌာရုံနဲ့ နေနေရတယ်ဆိုရင် လွတ်မြောက်တယ်လို့ မဆိုနိုင်ဘူးဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်ရတယ်။ အဲဒီလိုပုံစံမျိုးပဲ ရက္ခိတလမ်းစဉ်က ရခိုင်တခုတည်း လွတ်မြောက်ရုံနဲ့ မဟုတ်ဘူး၊ နိုင်ငံတခုလုံး လွတ်မြောက်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အနည်းဆုံး ၁၅ ဖွဲ့လောက် နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့အဖွဲ့တွေကို ULAA က train လုပ်တာ ရှိတယ်။ စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာ – ဒါကိုကြည့်ရင် ရခိုင်တခုတည်း လွတ်မြောက်ရုံနဲ့ မဟုတ်ဘူး။ တနိုင်ငံလုံး လွတ်မြောက်မှ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်မယ်ဆိုတဲ့ဟာကို သူတို့အနေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။ ပြီးတော့ သူတို့ လုပ်ဆောင်နေတဲ့ဟာက အဲဒီလိုပုံစံမျိုးတွေ တွေ့ရတယ်။

မေး ။ ။ ရခိုင်ပြည်နယ်မှာ အကြီးမားဆုံး စိန်ခေါ်မှုတွေမှာ တခု အပါအဝင်နေတဲ့ ရိုဟင်ဂျာ မူစလင်တွေရဲ့ အရေးနဲ့ ပတ်သက်ရင် လက်ရှိရခိုင်ခေါင်းဆောင်တွေရဲ့ သဘောထားကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ လက်ရှိမှာ ဒီအရေးနဲ့ ပတ်သက်လာရင် ရခိုင်ဘက်က လူတွေကလည်း အရမ်း sensitive ဖြစ်တယ်။ ဒါပေမဲ့ AA ရဲ့ ခေါင်းဆောင်မှုပိုင်းမှာ ခေါင်းဆောင်မှုဘက်က လူတွေရဲ့ ပြောတဲ့ဟာက သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်တဲ့အခါမှာ သူတို့က ဒီ ပြဿနာကို ဖြေရှင်းချင်တယ်။ ပြီးတော့ ဖြေရှင်းဖို့အတွက်လည်း သူတို့ လုပ်ဆောင်နေတဲ့အပိုင်းလည်း ရှိမယ်။ သူတို့အနေနဲ့ ဒါကို စိတ်ထားမှန်မှန်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာကိုလည်း တွေ့ရတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရခိုင်ဒေသမှာရှိတဲ့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးလုပ်တယ်။ ဘောလုံးကန်တယ်။ အားကစားပွဲတွေကို သူတို့လုပ်ပေးတာကို တွေ့ရတယ်။ နောက်တခုရှိတာက သူတို့ဘက်ကလည်း အခုနပြောသလိုပဲ ဒါကိုဖြေရှင်းဖို့အတွက် ဥပမာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဒီဘက်ကနေ သူတို့အနေနဲ့ ပြန်လာဖို့အတွက် အခြေအနေ ပြောတာတွေ ရှိတယ်။ လက်ခံပေးဖို့ဆိုတာတွေ။ သူတို့အနေနဲ့ နောက်တခုရှိတာက ဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားတာကိုလည်း တွေ့ရတယ်။

မေး ။ ။ အခု စစ်ကောင်စီကနေ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တဲ့ အခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ သူတို့ စစ်ရှုံးနေတဲ့အချိန်မှာ ဒီလိုပုံစံမျိုး ဥပဒေတွေ ပြဌာန်းတာကတော့ အရမ်းသိသာတယ်။ သူတို့မှာ လက်နက်အင်အား၊ လူအင်အား – အထူးအားဖြင့် လူအင်အား အရမ်းနည်းလာတယ်။ ဒုတိယတခုက စစ်မြေပြင်မှာ ရောက်နေတဲ့ စစ်သားတွေကို အခုထက်ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်ဖို့ ယုတ်မာဖို့အတွက် အထူးသဖြင့် လူသားဒိုင်းကာလုပ်တဲ့ဟာတွေ လူတွေကိုခေါ်တာ၊ ပြီးတော့ Force labor မတရားခိုင်းစေဖို့ ဖမ်းဆီးနှိပ်စက်ဖို့အတွက် သူတို့ဥပဒေကို မြှင့်ပေးလိုက်တာ။ သူတို့ရဲ့ ရက်စက်ယုတ်မာမှုကို နောက်တဆင့်မြှင့်တင်လိုက်တယ်ဆိုတဲ့ သဘောကို မြင်ရတယ်။ အဲဒါကြောင့် လူငယ်တွေအများစု နိုင်ငံကနေ ထွက်ဖို့ကြိုးစားတာ၊ ကျောင်းတက်ဖို့ ကြိုးစားတာတွေက သူတို့ရဲ့ လက်အောက် လွတ်မြောက်ဖို့အတွက် တနည်းတဖုံ ကြိုးစားနေတာ ရှိတာပေါ့။ လူတွေကတော့ တဘက်မှာလည်း NUG ဘက်၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဘက်က လက်နက်မကိုင်ချင်တဲ့ လူငယ်တွေ၊ လက်နက်ကိုင်ပြီး မတော်လှန်ချင်တဲ့ လူငယ်တွေကို တခြားတခုခုလုပ်ဖို့ သူတို့ဒေသတွေမှာ ခိုလှုံခွင့်ပေးပြီး လုပ်ဆောင်နိုင်တာမျိုးကို စဉ်းစားသင့်တယ်။ ဆိုလိုချင်တာက လူတိုင်းကတော့ လက်နက် မကိုင်ချင်ကြဘူး။ လက်နက်ကိုင်ချင်တဲ့ လူတွေကိုတော့ အခွင့်အလမ်းပေးပြီးတော့၊ လက်နက်မကိုင်ချင်သူတွေကိုတော့ နောက်တခုခု တစုံတရာ စဉ်းစားပြီးတော့ ဒီလူတွေရဲ့ လုံခြုံရေးကို အဓိက လုပ်ဆောင်ပေးသင့်တယ်လို့ အဲဒီလိုမျိုး ကျနော် မြင်ပါတယ်။

https://www.facebook.com/VOABurmese/posts/800466092108748

Leave a Reply

Your email address will not be published.