နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးသို့ တင်ပို့ရေး လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည် ဘာသာရေးခေါင်းဆောင်များပြော
By Western News / 2024 February 8
ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ မွတ်ဆလင်များအား လူမျိုးတုံး သတ်ဖြတ်မှု အပါအဝင် နယ်မြေရှင်းလင်းမှုအတွင်း ပါဝင်ပတ်သတ်သူများ ဖြစ်နေ၍ ပြင်းပြင်းထန်ထန် အရေးယူရန် လိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောဆိုလိုက်သည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် မောင်တောမြောက်ပိုင်းတွင် မွတ်ဆလင်များကို လူမျိုးတုံး သတ်ဖြတ်မှုအပါအဝင် နေအိမ်အမြောက်အမြားကို မီးရှို့ခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းယူမှုမှာ ပါဝင်သူများဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်းတွင် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တို့က မွတ်ဆလင်များကို စစ်ကောင်စီတပ်က အကြမ်းဖက်နှိမ်းနင်းရေး ခေါင်းစဉ်ဖြင့် နယ်မြေရှင်းလင်းမှုလုပ်စဉ် မွတ်ဆလင် ၇ သိန်းခန့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ထွက်ပြေးသွားသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေခြင်းသည် အဓိပ္ပာယ်မရှိသော လုပ်ရပ်ဖြစ်ကြောင်း ရခိုင်ပြည်အတွင်းက မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်အစိုးရက ထွက်ပြေးသွားတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ဒါကအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေအပါအဝင် နယ်ခြားစောင့်တပ်တွေက မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တွေက မွတ်ဆလင်တွေကို သတ်ဖြတ်တဲ့အထဲမှာပါတယ်။ ပြီးတော့ နယ်မြေရှင်းလင်းရေလုပ်တာမှာလည်း သူတို့တွေ ပါတယ်။ ရွာတွေ၊ ပိုင်ဆိုင်မှုတွေကို သိမ်းတာမှာလည်း သူတို့တွေပါတယ်။ သူတို့တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးယူဖို့လိုပါတယ်။ တစ်ဖက်မှာ ICJ မှာ သက်သေထွက်ဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေဖြစ်တယ်”ဟုပြောသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီနယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ စစ်သားများကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်သားများကို နိုင်ငံတကာ တရားစီရင်ရေးတရားခွင်သို့ ပိုဆောင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုပ်ပိုင်ခွင့်ရှိကြောင်း သူက ဆက်လက်ဆိုသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း အမြန်ဆုံးနည်းဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို သံတမန်ရေးအရ ဖိအားပေးတိုက်တွန်းသင့်ကြောင့် ရခိုင်ရှိ မွတ်ဆလင် ကျောင်းသားလူငယ်များက ပြောဆိုသည်။
ရခိုင်မွတ်ဆလင် ကျောင်းသားအဖွဲ့ လူငယ်ခေါင်းဆောင်တစ်ဦးက “မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် နယ်မြေရှင်းလင်းမှုမှာ သူတို့က အဓိက အက္ခရာကျပါတယ်။ လူသတ်၊ မုဒိမ်းကျင့် နေအိမ်အမြောက်အမြားကို မီးရှို့ခဲ့သူတွေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိပါတယ်။ စစ်ရာဇဝတ်မှုတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့လိုပါတယ်။ NUG ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို သံတမန်ရေးအရ ဖိအားပေးလိုပါတယ်”ဟုပြောသည်။
စစ်တပ်က မောင်တောမြောက်ပိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဘာသာရေးအဆောက်အဦးများနှင့် အရပ်သားများကို သတ်ဖြတ်ခဲ့မှုပေါ် ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်း စစ်တွေမြို့ ဘာသာရေးခေါင်းဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
“၂၀၁၇ မှာ ဒီလောက်လူမျိုးတုံး သတ်ဖြတ်ထားတာ၊ ပြီးတော့ နေအိမ်တွေကို မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ပိုင်ဆိုင်မှုတွေကို အကုန်သိမ်းတာ။ နောက်တစ်ခါ AA နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်တုန်းကဆိုရင်လည်း ကျေးရွာတော်တော်များများကို မီးရှို့ခဲ့တယ်။ အရပ်သားတွေကို သတ်ဖြတ်တယ်။ ဒီလိုကျူးလွန်မှုကို နိုင်ငံတကာ စစ်ခုံရုံးကို ပို့ပေးဖို့လိုပါတယ်။ သူတို့တွေကို စစ်ဆေးဖို့လိုပါတယ်။ ဒီအတိုင်း မြန်မာပြည်ကို ပို့တယ်ဆိုတာကတော့ တရားမျှတမှု မရှိဘူးလို့ ဘုန်းဘုန်းက အဲ့လိုမှတ်ယူပါတယ်”ဟုမိန့်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၃၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသထဲ ထွက်ပြေးသွားကြသည်။
အဆိုပါ ထွက်ပြေးသွားသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။
မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းများဖြစ်ကြသည့် တောင်ပြို လက်ယာ ဗျူးဟာကုန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်ဝဲ စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/833836092089152