By Narinjara / 2024 February 8
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းကို စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီကျော်အချိန်က စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ကုလားရောင်ကျွန်းမှ ဒေသခံတစ်ဦးက” ခေါင်းလောင်းတူနားက လေးတောင်ဗွေကျွန်းကို လေယာဥ်ပျံနဲ့လာပစ်သွားတာ။ ဗုံးလည်းကြဲသွားတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သည့် လေးတောင်ဗွေကျွန်းမှာ လူနေကျေးရွာမဟုတ်ဘဲ ဒေသခံများ၏ လယ်ယာများနှင့် လယ်တဲတချို့ရှိသည့်ကျွန်းငယ်တစ်ခုဖြစ်ပြီး AA တပ်စခန်းရှိသည်ဟု ယူဆပြီး လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးမှာ အဆိုပါကျွန်းပေါ်သို့ ပထမအကြိမ်တွင် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကုလားရောင်ကျေးရွာဒေသခံတစ်ဦးက” ပထမအကြိမ်မှာ စက်သေနတ်ပစ်သံမျိုး ဆက်တိုက် ကြားရတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံးကြဲတဲ့ပေါက်ကွဲသံကြီးကြားရတယ်။ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပါဘူး။ဒီအတိုင်းလာပစ်သွားတာ။တပ်တော်ဘက်ကစခန်းရှိတယ်လို့ယူဆပြီးတော့ လာပစ်တာ ထင်တယ်ဗျ။” ဟု ပြောသည်။
စစ်ကောင်စီဂျက်ဖိုက်တာဖြင့်ဗုံးကြဲသည့်အသံအား တောင်ကုတ်မြို့ပေါ်ကအထိကြားခဲ့ရကြောင်း မြို့ခံများကပြောသည်။
” ဗုံးကြဲတဲ့အသံက တောင်ကုတ်မြို့ပေါ်ကပဲကြားခဲ့ရတာပါ။ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိဆိုတာတော့ မသိရသေးဘူး” ဟု တောင်ကုတ်မြို့ခံလူငယ်တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် လေယာဉ်နဲ့ ဗုံးကြဲသည့်ဖြစ်စဥ်အထိရှိလာသဖြင့် တောင်ကုတ်မြို့ပေါ်မှပြည်သူများမှာလည်း စိုးရိမ်မှုရှိနေကြကြောင်း သိရသည်။
(NN-23)
https://www.facebook.com/narinjara.info/posts/791796696320795