By Irrwaddy / 2024 February 18
တိုက်ပွဲများဖြစ်နေသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော် (AA)က မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ ပေါက်တော၊ တောင်ပြိုမြို့များနှင့် ယင်းနယ်မြေများရှိ စစ်တပ်နှင့် နယ်ခြားစောင့် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ရာ ယခုဆိုလျှင် ရသေ့တောင်မြို့ကို တိုက်ခိုက်နေသလို စစ်တွေမြို့ကိုပါ ခြိမ်းခြောက်လာနေပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကိုပင် လက်နက်ချရန် ပြောဆိုလာသည်ကို တွေ့ရသည်။
စစ်ကောင်စီကလည်း AA ထိုးစစ် စစ်တွေသို့ မဝင်နိုင်ရန် ရန်ကုန်- စစ်တွေကားလမ်းပေါ်ရှိ မင်းချောင်းတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးပိုင်း တချို့လည်း ပြောင်းရွေ့မှု လုပ်နေပြီဟု သတင်းများ ထွက်ပေါ်နေသလို ဒေသခံအများစုလည်း စစ်တွေမှ ထွက်ခွာနေပြီဖြစ်ရာ ကျန်နေသေးသည့် စစ်တွေမြို့ခံ တဦးကို လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ စစ်တွေမြို့ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ
ဖြေ ။ ။ ရခိုင်မြောက်ပိုင်းကို AA က ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပေမယ့် ဘူးသီးတောင် ကျန်နေသေးတယ်။ အခုကျ သွားတာတွေက ကုလားတန်မြစ်ကြောင်းက ပလက်ဝ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတွေကတော့ လုံးဝထိန်းထားနိုင်တယ်လို့ ပြောလို့ရတယ်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဘက်မှာ တပ်တွေ ကျသွားပြီဆိုတော့ စစ်တွေတခုပဲ ကျန်တဲ့ အနေအထားမှာ စစ်ရေးအခြေအနေက မြို့ကို ဦးတည်လာနေပြီ ဆိုတော့ မြို့ခံတွေက ဘေးလွတ်ရာကို ရှောင်ကြတာပေါ့ဗျာ။ အားလုံးက ပေါက်တောတို့ မင်းပြားတို့လို မြို့ပြာကျမှာကို စိုးရိမ်ကြတယ်။
ငွေကြေးတတ်နိုင်တဲ့သူက ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့ဘက်ကို ရွှေ့တယ်၊ မတတ်နိုင်သူတွေကတော့ ဒီလိုပဲ နေနေကြရတာပေါ့၊ စစ်တွေမြို့မှာ လူတဝက်လောက်က မရှိတော့ဘူး။ နောက်ထပ်ပြေးကြမယ့် သူတွေကလည်း လေယာဉ် လက်မှတ်မရလို့ စောင့်နေကြရတယ်။ လက်ရှိမှာ လေယာဉ်လက်မှတ်က ဧပြီလကုန် ပြီးလောက်မှပဲ ပြန်ရတော့မယ်လို့ ဆိုတယ်။ ဒါတောင် မသေချာဘူး။
ပြေးချင်တဲ့သူတွေက လေယာဉ်လက်မှတ် Cancel ဖြစ်တာတွေကို ၇ သိန်း ၈ သိန်း စသဖြင့် အရေးကြီးရင် ကြီးသလို ပေးဝယ်နေကြတာတွေ ရှိတယ်၊ လေယာဉ်လက်မှတ်တွေက ၂ လပိုင်း ၃ လပိုင်း အတွက် မရှိတော့ဘူး။
မြို့ပေါ်ကိုလည်း အဝင်အထွက်တွေ ပိတ်ထားတဲ့အခါ စစ်တွေမြို့က ပတ်ပတ်လည် ပင်လယ်ဆိုတော့ တချို့လည်း အသက်စွန့်ပြီး ပင်လယ်ကို ဖြတ်ပြေးနေတာမျိုးတွေ ရှိတယ်။
အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အနေအထားမို့ မြို့ကနေ ရှောင်ကြတာ၊ တိုက်ပွဲဖြစ်လာရင် လက်နက်ကြီးတွေ ဗုံးတွေ ချခံရပြီး သေမှာ ကြောက်ကြတာလည်း ပါတာပေါ့။ တကယ်တမ်း တိုက်ပွဲဖြစ်လာပြီဆိုရင် စစ်ကောင်စီက အရပ်သား ရော ဘာရော စဉ်းစားနေမှာ မဟုတ်ဘူး။ မည်းမည်းမြင်ရာ ရက်ရက်စက်စက်နဲ့ ပစ်ခတ်နေတာ မြင်နေ ကြားနေရတော့ စိုးရိမ်ကြတာလည်း ပါတာပေါ့။
ရှောင်ဖို့တိမ်းဖို့ လုံးဝ အဆင်မပြေကြတဲ့သူတွေလည်း ရှိနေတာပေါ့၊ သူတို့ကတော့ ဖြစ်လာမှပဲ ဘေးလွတ်ရာကို ရှောင် ကြမယ်ဆိုပြီး ဆက်နေ နေကြတာပေါ့၊ တကယ်တမ်း တိုက်ပွဲဖြစ်ခဲ့မယ်ဆိုရင် စစ်တွေမြို့က ထွက်ပေါက်မရှိဘူး။
မေး။ ။ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ပြည်နယ်အစိုးရ ရုံးအဖွဲ့တွေလည်း ရှိနေသေးတယ်လေ၊ တချို့လည်း ပြောင်းပြီလို့ ကြား နေရတယ်၊ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ အစိုးရအဖွဲ့ရုံး အနီးဝန်းကျင်ကို လက်နက်ကိုင်အပြည့်အစုံနဲ့ လုံခြုံရေးချထားတယ်၊ မဖြတ်ရဆိုပြီးတော့ တားမြစ် ထားတယ်။ အခုလည်း သံတွဲဘက်ကို ရွှေ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။
မေး။ ။ လမ်းပန်းဆက်သွယ်ရေးတွေပါ ဖြတ်တောက်တာရော၊ ပြတ်တောက်တာရော ဖြစ်လာနေတော့ မြို့တွင်းကုန် စည်စီးဆင်းမှုနဲ့ စားနပ်ရိက္ခာ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ။ လမ်းတွေပိတ်ထားတာမို့ ကုန်ပစ္စည်းတွေလည်း ပြတ်နေတယ်။ ကုန်စုံဆိုင်တွေကလည်း ပစ္စည်းတွေကို ခါဖို့ အတွက် နေရာပြောင်းဖို့အတွက် ရှိတာတွေကို ထုတ်ရောင်းကြတယ်။ အသစ်ထပ်မဖြည့်ကြတော့ဘူး၊ ကြက်သွန်ဖြူ ဆိုရင် လုံးဝကို မရှိတော့ဘူး၊ ကြက်သွန်နီ အလုံးလတ်လောက်ကို တလုံး တထောင် ပေးနေရတယ်၊ အဲဒီတော့ ကြက်သွန်နီ ကြက်သွန်ဖြူတွေ မစားရတော့ဘူး။
ငရုတ်သီးကတော့ မွတ်စလင်ရွာတွေက ငရုတ်ခင်းတွေက အနည်းအကျင်းတော့ လာတာရှိတယ်၊ အဲဒါလည်း ဆီဈေး က ကြီးနေတော့ မွတ်စလင်ရွာတွေဘက်ကို သွားဝယ်ဖို့ အဆင်မပြေဘူး။
အခုဆို အချို့လည်း စက်ဘီးတွေကို ပြန်စီးပြီး သွားလာနေကြတယ်၊ လက်ရှိ စက်ဘီးတစီးဆိုရင် ၄ သိန်းခွဲ ၅ သိန်း လောက်ထိ ဈေးပေါက်နေတယ်၊ အသစ်မဟုတ်ဘူး၊ တပတ်နွမ်းဘီးတွေပဲ။စက်သုံးဆီဈေးက အရင် တလီတာ ၃ သောင်းခွဲလောက်ထိရှိရာက ယခု ၁၈၀၀၀ လောက် ပြန်ကျလာတယ်။
ကုန်ဈေးနှုန်းက ကြီးတဲ့အပြင် အခုဆိုရင် ကလေးတွေက သရေစာမုန့်တောင် မစားကြရတော့ဘူး၊ ဒေသထွက်ကုန် မုန့်တီ လောက်ပဲ စားကြရတော့တဲ့အခြေအနေမှာ ရှိနေတယ်။
ဆန်ဈေးတွေလည်း တက်တာပေါ့လေ၊ ဒါပေမယ့် ဒေသက စပါးထွက်တော့ သိပ်ပြဿနာမရှိဘူး၊ စားဆီကတော့ ပြတ်လပ်မှု ရှိတယ်၊ ဈေးတွေလည်း အရမ်းတက်တယ်။
အခုက ဆောင်းရာသီဆိုတော့ ပြေးကြ ရှောင်ကြတာမှာ အဝတ်အစားလောက်ပဲ ပါတာဆိုတော့ စောင်မရှိတာတို့ နိစ္စဓူဝ နေ့စဉ် စားသောက်ဖို့အတွက် ရိက္ခာပေါ့၊ ဆန်တခုပဲ အနီးဝန်းကျင်ရွာတွေက ထောက်ပံ့ကြတာမို့ ရနေကြတာ၊ အခုက ၃ လကျော်ထိ ရှိလာပြီဆိုတော့ လူတွေက စားဝတ်နေရေးဒုက္ခကို မခံနိုင်ကြတော့ဘူး ဖြစ်နေတယ်၊
မေး။ ။ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ
ဖြေ။ ။ အင်တာနက်က ဖြတ်ထားတယ်။ ဖုန်းကတော့ တခြားဆင်းမ်ကတ်သုံးမရဘူး။ မိုင်တဲလ်တခုတည်းပဲ သုံးလို့ရ တယ်၊ ဒါတောင် ရတချက် မရတချက် ဖြစ်နေတာ။
ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းမ်ကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူကိစ္စတွေလည်း အတော် လေးကို ဒုက္ခရောက်နေကြရတယ်။
ရခိုင်မှာက လူငယ် တော်တော်များများ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတော့ ထိုင်းတို့ မလေးရှားတို့ဘက်ကနေ ငွေလွှဲ မယ်ဆိုရင် ဒီဘက်ကို လွှဲလို့ မရဘူးဖြစ်နေတယ်၊ ကုန်ပစ္စည်းတွေ ပြတ်တယ်၊ ဒီတော့ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ အများကြီးဖြစ်တာပေါ့။
စစ်တွေမြို့ကနေ ကားလမ်းနဲ့ ရေလမ်း အကုန်ပိတ်ထားတယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့ တွေမှာလည်း လူတွေ မရှိကြတော့ဘူး၊ အကုန်လုံး စစ်ရှောင်နေကြရတယ်လို့ သိရတယ်။
မေး။ ။ ကျန်းမာရေးစောင့်ရှောက်မှုတွေရော ရှိသေးလား၊ လုပ်ပေးနိုင်ကြသေးလား။
ဖြေ။ ။ဆေးရုံ ဆေးခန်းတွေကတော့ လက်ရှိအထိ ဖွင့်ထားကြသေးတယ်၊ ရောဂါ တော်တော်ဆိုးတဲ့သူတွေ လောက်ပဲ ဆေးရုံ တက်ကြတယ်၊ မလိုအပ်ရင် ဆေးရုံလည်း မတက်ကြတော့ဘူး၊ ဆေးရုံ ဆေးခန်းတွေကတော့ ပုံမှန် အတိုင်း လည်ပတ်နေသေးတယ်။
စစ်တွေမှာက ည ၉ နာရီ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားတယ်၊ ၁၃ ရက်နေ့ မနက်ပိုင်းက ဘေးတွဲ မောင်းတဲ့ သူတယောက် သေနတ်နဲ့ အပစ်ခံရပြီး သေသွားတယ်၊ မနက်စောစော ဘေးတွဲနဲ့ မုန့်တီသွားယူချိန် ကသဲ ရပ်ကွက်၊ မဏိပူရလမ်းပေါ်မှာ သေနတ်နဲ့ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးတာ၊ စစ်ကောင်စီက ပစ်တာလိုလို နဲ့ ALP အဖွဲ့က ပစ်သွားတာလိုလိုနဲ့ တရားခံ ဘယ်သူမှန်းမသိရဘူး။
မနက်စောစော တရားခံ မပေါ်ဘဲ ဘေးတွဲ မောင်းတဲ့သူ အသတ်ခံလိုက်ရတော့ မြို့ခံတွေက ပိုပြီး စိုးရိမ်စိတ်တွေနဲ့ နေနေကြရတာပေါ့။
မေး။ ။ လက်ရှိမြို့ပေါ်မှာ စားဝတ်နေရေးအတွက် ဘယ်လိုတွေ လုပ်ကိုင်ရှာဖွေနေကြသလဲ။
ဖြေ။ ။ လုပ်ငန်းတွေ မလည်ပတ်နိုင်တာလည်း တော်တော်ကြာနေပြီ၊ အလုပ်သမားတွေက ကြုံရာကျပန်း လုပ်စား နေကြရတယ်၊ အလုပ်ရှင်တွေကတော့ ရှိတာလေးတွေနဲ့ ထိုင်စားနေကြတယ်။
လောင်စာဆီဈေးတွေတက်လို့ ဆိုက်ကားနင်းတဲ့သူတွေလည်း ပိုများလာတယ်၊ အဲဒီတော့ စားဝတ်နေရေးတွေ ခက်ခဲ နေကြတယ်၊ တဆက်တည်း သူခိုးတွေလည်း ပေါလာတယ်၊ ရဲတွေကလည်း သူတို့ လုံခြုံရေးအတွက်ကိုပဲ သူတို့လုပ် နေကြရတော့ ခိုးဆိုးလုယက် ထူပြောလာတာတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ကြတော့ဘူး
စစ်တွေမှာက ဒေသခံတွေ အဓိက မှီခိုလုပ်ကိုင်နေကြတာက တံငါလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ်တွေပေါ့၊ အခုက အားလုံး ထိုးရပ်သွားကုန်တာ၊ မြို့ကြီးကလည်း အသွားအလာ နည်းပြီး ခြောက်ကပ်နေတာပဲ။
https://www.facebook.com/theirrawaddyburmese/posts/799784472194742