By Western News / 2024 February 22
ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုထမ်းရန် စာရင်းလိုက်လံ ကောက်ယူနေပြီး လတ်တလောတွင် မွတ်ဆလင် ၃၀၀ ဦးထက်မနည်း စာရင်းပေးခံထားရကြောင်း စုံစမ်းသိရှိရသည်။
ယင်းတို့မှာ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်က မွတ်ဆလင်များဖြစ်ပြီး ပဏမ စာရင်းပေးခံရသူများထဲတွင် နာမကျန်းဖြစ်နေသော သူများပါဝင်ကာ အသက် ၂၀ နှင့် အသက် ၃၅ နှစ်ကြားရှိသော မွတ်ဆလင်အမျိုးသားများမှာ စာရင်းပေးခံထားရကြောင်း မွတ်ဆလင်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ အသက် ၂၀ နှစ်နှင့် အသက် ၃၅ နှစ်အတွင်းရှိသော မွတ်ဆလင်အမျိုးသား ၁၆၃ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီမှ စာရင်းကောက်ယူသွားကြောင်း စခန်းတာဝန်ခံက ဆိုသည်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းတာဝန်ခံက “ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်က တာဝန်ရှိသူတွေ ရောက်လာတယ်။ မွတ်ဆလင် ၁၆၃ ဦးကို စစ်မှုထမ်းဖို့ စာရင်းယူသွားတယ်။ ဒီစာရင်းထဲမှာ နားမကျန်းသူတွေလည်း ပါတယ်ဆိုတော့ စာရင်းက အတည်တော့ မဖြစ်သေးဘူး။ စစ်ကောင်စီက နောက်လာပြီး ထပ်ဆွေးနွေးမယ်လို့ ပြောသွားတယ်။ စစ်မှုထမ်းဖို့ မထမ်းဖို့ကိုလည်း စခန်းမှာ သေချာ မဆွေးနွေးရသေးဘူး” ဟု ပြောသည်။
စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူနေခြင်းသာဖြစ်ပြီး စစ်မှုထမ်းလိုစိတ်မရှိကြောင်း ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်မှ စစ်မှုထမ်းရန် စာရင်းပေးခံထားရသော မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
” စစ်ကောင်စီက စစ်မှုထမ်းဖို့ခေါ်တာ ကျနော်တို့ သဘောမတူပါဘူး။ ထမ်းလိုစိတ်လည်း မရှိပါဘူး။ ကျနော်လိုပဲ စခန်းထဲမှာ စာရင်းပေးခံရတဲ့သူတွေကလည်း စစ်မှုမထမ်းချင်ကြဘူး။ ကျနော်တို့မှာ ကိုယ့်မိသားနဲ့ကို ယ်နေနေတာ” ဟု ပြောသည်။
ဘူးသီးတောင်၊ မောင်တောတွင်လည်း မွတ်ဆလင် ၁၁၁ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန် စာရင်းကောက်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သတင်းရင်းမြစ်တစ်ဦးက “အခု လောလောဆယ်တော့ ဘူးသီးတောင်က မွတ်ဆလင် ၁၁၁ ထက်မနည်း ပါသွားပြီ။ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် ၁၀ ဦးပါသွားတယ်။ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာဖြစ်လာနိုင်တယ်။ စစ်ကောင်စီက အဲလိုအကွက်တွေကို ရွှေ့နေတာ” ဟု ပြောသည်။
စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များနေထိုင်သော သဲချောင်းရွာ၊ သဲချောင်းဒုက္ခသည်စခန်း၊ ဒါးပိုင်ရွာ၊ ဒါးပိုင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ် အမျိုးသား ၅၀ ဦးထက်မနည်းကို ဖောဖော်ဝါရီလ ၂၀ ရက်နေ့က စာရင်းကောက်ယူသွားကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးက ” ပြီးခဲ့ တစ်ပတ်ကျော်လောက်ကနေ အဲဒီရွာတွေဆီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ စာရင်းတောင်းလို့ရှိတယ်။ အခု စာရင်းတွေကို ပေးလိုက်ရပြီ။ ထပ်ပြီးတော့လည်း ခေါ်ယူဖို့ ရှိတယ်လို့ မွတ်ဆလင်အကြီးအကဲတွေကို ပြောထားခဲ့တယ်လို့ သိရတယ်။ စစ်ကောင်စီဟာ ပြဿနာတွေကို ပိုကြီးထွားလာအောင် လုပ်နေတာနဲ့တူပါတယ်” ဟု ဆိုသည်။
မွတ်ဆလင်လူငယ်များမှာ စစ်မှုထမ်းရန် စိတ်ပါကြခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခြိမ်းခြောက် ပြောဆိုနေခြင်းကြောင့် စာရင်းပေးနေရသည်ဟု မွတ်ဆလင်အကြီးအကဲများထံမှ သိရသည်။
ပြည်တွင်းပြည်ပရှိ မွတ်ဆလင်အကြီးအကဲများမှ စစ်ကောင်စီမှ မွတ်ဆလင်များအား စစ်မှုထမ်းရန် ခေါ်ယူခြင်းကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ပြဿနာများ ပိုမိုကြီးထွားလာစေရန် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အပါအဝင် နိုင်ငံအနှံ့အပြားတွင် မရှုမလှ စစ်ရှုံးနေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူမထောက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံကိုင်စွဲ၍ အတင်းအဓ္ဓမလုပ်ယူ ပြဌာန်းကာ နိုင်ငံရှိ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ယူလျှက်ရှိနေသည်။
နိုင်ငံအတွင်းက မြန်မာလူငယ်အများစုမှ စစ်မှုမထမ်းလို၍ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများသို့ ထွက်ပြေးခိုလှုံလျှက်ရှိနေကြောင်း စုံစမ်းသိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/842928224513272