By Western News / 2024 February 29
ရခိုင်ပြည် မြို့တော် စစ်တွေမြို့ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုကြသည်။
တပ်စွဲနေရာယူထားသည့်အပြင် လက်နက်ကြီးအမြောက်များပါ တပ်ဆင်ထားပြီး လူနေအိမ်များနှင့်အလွန်နီးကပ်သောကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်မှု အလွန်မြင့်တက်နေကြသည်။
စစ်တွေဒေသခံတစ်ဦးက ” ရွေး/ကော်ရုံးမှာ စစ်ကောင်စီ တပ်သား အင်အား ၂၀ ကျော်လောက်ရှိတယ်။ အမြောက်တွေပါ တပ်ဆင်ထားတာ။ အမြောက်တွေကို တာပေါ်လင်စတွေနဲ့ ဖုံးအုပ်ထားတယ်။ လူတွေက အရမ်းစိုးရိမ်နေကြတာပေါ့။ လူနေအိမ်တွေနဲ့ အရမ်းနီးကပ်တယ်လေ။ ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရွေး/ကော်ရုံးဝန်ထမ်းများကို စစ်ကောင်စီက ဖယ်ရှားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစ၍ တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောဆိုကြသည်။
မျက်မြင်ဒေသခံတစ်ဦးက ” လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း အဲဒီတပ်သားတွေက စစ်ဆေးနေတာ။ သူတို့ကြောင့် ရပ်ကွက်တစ်ခုခုဖြစ်မှာကို အရမ်းစိုးမိပါတယ်။ ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်တွေမြို့ရှိ ဌာနဆိုင်ရာရုံးများ၌ တပ်စွဲနေရာယူထားကြသည့်အပြင် လူနေအိမ် အရပ်သားပိုင် အထပ်မြင့်အဆောက်အဦးများတွင်လည်း တပ်စွဲနေရာယူထားခြင်းများရှိသည်ဟု စုံစမ်းသိရသည်။
ယနေ့ နံနက်ကလည်း ပြည်တော်သာရပ်ကွက်ရှိ စစ်ကောင်စီ ရေတပ်ဌာနချုပ်မှ စစ်တွေမြို့မဈေးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အပြစ်မဲ့ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်သူများအား အငြိုးထားကာ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်းနိုင်ငံများမှလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရန် AA က တိုက်တွန်းနေသည်။
စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးကိုလက်မခံဘဲ အပြစ်မဲ့ပြည်သူလူထုကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေ၍ ရခိုင်ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်လည်း ရက္ခိုင့်တပ်တော် AA မှ ယနေ့ ထုတ်ပြန် အသိပေးလျှက်ရှိနေသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/847084804097614